စစ်ခေါင်းဆောင် အာဏာစွန့်ရေး စည်းရုံးပေးဖို့ ဦးသိန်းစိန်ကို တရုတ်တိုက်တွန်း
2024.07.10

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူယူထားတဲ့ အာဏာကို လွှဲပြောင်းပြီး ရွေးကောက်ပွဲအတွက် လမ်းခင်းပေးမဲ့ ကြားဖြတ်အစိုးရတစ်ခုဖွဲ့စည်းဖို့အတွက် စည်းရုံးပေးဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့တယ်လို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းမှာ ဇူလိုင် ၁၀ ဒီနေ့ ဖော်ပြပါတယ်။
စစ်ကောင်စီ သတင်းမီဒီယာတွေကတော့ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝမ်ယိတို့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အမြင်သဘောထား ဖလှယ်ခဲ့ကြကြောင်းသာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ ပေကျင်းကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း သီးသန့်တွေ့ဆုံခဲ့တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ ဦးသိန်းစိန်ဟာ တရုတ်ပြည်သူတွေရဲ့ မိတ်ဆွေဟောင်းဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒီခရီးစဉ်မတိုင်ခင် ဇွန်လ ၂၆ ရက်နေ့ကတော့ တရုတ်သံအမတ် Mr. Chen Hai က နေပြည်တော်မှာ သမ္မတဟောင်း ဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စတွေကို ပြောဆိုခဲ့ကြတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။