တိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့သား ဖမ်းဆီးစစ်ဆေးခံရ

စောဖိုးခွား
2021.08.30
တိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့သား ဖမ်းဆီးစစ်ဆေးခံရ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ
Photo - CJ

NLD အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မန်းဂျော်နီရဲ့ ပြောက်ကျားစစ်ဝတ်စုံနဲ့ သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက် စာမျက်နှာမှာ ထွက်ပေါ်လာပြီးနောက် နေအိမ်မှာကျန်ခဲ့တဲ့ မန်းဂျော်နီရဲ့သားကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ နေထိုင်တဲ့ မန်းဂျော်နီရဲ့သား ကိုမင်းမင်းကို ဩဂုတ် ၃၀ ရက် ဒီနေ့နေ့လည် ၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ ကိုမင်းမင်းကို စစ်ဆေးမေးမြန်းပြီးနောက် ညနေ ၅ နာရီခွဲလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက RFA ကို တယ်လီဖုန်းမက်ဆေ့ကနေ ပြောပါတယ်။

ကျုံပျော်ရဲစခန်းအတွင်း သုံးနာရီကြာလောက် ဖမ်းဆီးစစ်ဆေးချိန်မှာ ဖခင်ဖြစ်သူ မန်းဂျော်နီ နေအိမ်ကို ဘယ်နှခါပြန်လာလဲ၊ ဒီလက်နက်ကိုင်အဖွဲ့အစည်းထဲ ဘယ်တုန်းက ရောက်သွားလဲ၊ မိသားစုနဲ့ အဆက်အသွယ်ရှိ၊ မရှိ… စတာတွေကို အဓိကမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ကိုမင်းမင်းကို ခေါ်ယူစစ်ဆေးချိန်မှာ အိမ်မှာရှိနေတဲ့ မိသားစုဝင်တွေရဲ့ ဖုန်းသုံးလုံးနဲ့ Toyota Harrier ကားကိုလည်း သိမ်းယူသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြန်လွတ်လာတဲ့ ကိုမင်းမင်းနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်းဂျော်နီရဲ့ ကျုံပျော်မြို့နေအိမ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ  လွတ်လွတ်လပ်လပ် သွားလာလို့မရတော့ဘဲ စောင့်ကြည့်ခံနေရတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်မှာ သေနတ်ကိုင်ထားတဲ့ မန်းဂျော်နီရဲ့ပုံတွေ ပေါ်ထွက်လာပြီးနောက် တနင်္ဂနွေနေ့ကလည်း အိမ်အနီးအနားက မန်းဂျော်နီ တက်ရောက်ဝတ်ပြုနေကျ ခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီတပ်သားတွေက ဝင်စီးခဲ့ပြီး ဘုရားကျောင်းက လူကြီးတချို့ရဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

မန်းဂျော်နီဟာ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ရွေးကောက်ပွဲတွေမှာ လေးကြိမ်စလုံး ရွေးကောက်ခံခဲ့ရတဲ့ NLD ပါတီဝင် ဝါရင့်နိုင်ငံရေး သမားကြီးတစ်ဦး ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုတဲ့ နေပြည်တော် စည်ပင်ဝင်းထဲမှာ မန်းဂျော်နီလည်း ရောက်နေခဲ့တာပါ။

NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့သူ၊ "လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးကို တိုက်ယူလို့ မရနိုင်ဘူး" ဆိုပြီး လက်ခံယုံကြည်ထားသူ အသက် ၈၀ အရွယ် ကရင်အမျိုးသား မန်းဂျော်နီဟာ လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီကို သူကိုယ်တိုင် လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့ တောတွင်းတစ်နေရာမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။