ဒုရဲမှူး မိုးရန်နိုင်ကို အမှတ် ၈ လုံခြုံရေးရဲတပ်ရင်းမှာ ဖမ်းဆီးထား
ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ဦးအမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို လက်ရှိ ရန်ကုန်က အမှတ်(၈) လုံခြုံရေးရဲတပ်ရင်း၊ ရဲအချုပ်မှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေ လာရောက်တွေ့ဆုံနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးက ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။
-
2018-04-22 -
-
-
ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ဦးအမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို လက်ရှိ ရန်ကုန်က အမှတ်(၈) လုံခြုံရေးရဲတပ်ရင်း၊ ရဲအချုပ်မှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေ လာရောက် တွေ့ဆုံနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးက ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။
ဒုတိယရဲမှူး မိုးရန်နိုင်ကို စစ်ဆေးနေဆဲကာလမှာ ဧည့်တေ့ွခွင့်မပေးတာဖြစ်ပြီး အခုစစ်ဆေးပြီးဖြစ်တာကြောင့် မိသားစုတွေ လာရောက်တေ့ွဆုံနိုင်သလို အမှတ်(၈) လုံခြုံရေး ရဲတပ်ရင်းက အိမ်ထောင်သည်လိုင်းခန်းမှာ မိသားစုဝင်တွေ လာရောက်နေထိုင်နိုင်တယ်လို့ ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။
"ဒုတိယရဲမှူး မိုးရန်နိုင်က အမှတ်(၈) လုံခြုံရေးရဲတပ်ရင်း ပြောင်းသွားကတည်းက ဟိုမှာ လိုင်းခန်းယူထားပြီး သား ခင်ဗျ။ ရဲတပ်ဖွဲ့ဝင်အဖြစ် ဆက်ပြီးရှိနေသေးတဲ့ အချိန်မှာတော့ သူဒီတပ်ရင်း(၈) အိမ်ခန်းကို ပြောင်းမယ်ဆို ပြောင်းလို့ ရပါတယ်။ သူအခုသွားနေမယ်ဆိုလည်း နေလို့ရတယ်။ ဒုရဲမှူး မိုးရန်နိုင်ကို ကျနော်တို့က ရဲတရားရုံးနဲ့ စစ်ဆေးနေတာပေါ့နော်။ စစ်ဆေးတဲ့ကာလမှာတော့ ကျနော်တို့က ဧည့်တွေ့မရှိဘူးပေါ့လေ။ အခုတော့ ရဲတရားရုံးက စစ်ဆေးပြီးပြီလို့ပြောတယ်။ ရဲတရားရုံးက စစ်ဆေးပြီးပြီဆိုတဲ့အခါမှာ ကျနော်တို့က သူ့ကို တပ်ရင်း (၈) အချုပ်မှာပဲ ထားထားသေးတာပေါ့နော်။ စစ်ဆေးပြီးတဲ့ကာလနောက်ပိုင်းမှာတော့ မိသားစုတွေ့ခွင့်ရှိတယ်ပေါ့"
ဒီနေ့ မန္တလေးမြို့ မီဒီယာစင်တာမှာ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူက သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ခင်ပွန်း ဖြစ်သူကို ဖမ်းဆီးသွားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင်ပြီး မိသားစုနဲ့ တွေ့ခွင့်မပေးသလို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးကြောင်း ပြောပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ကို ရဲတရားရုံးက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ခွင့်ပြုချက်မရှိဘဲ သတင်းအချက်အလက် တွေ ဖြေဆိုခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် လက်ရှိမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က အပြစ်ပေးဖို့ သုံးသပ်နေတယ်လို့ ရဲမှူးကြီး မျိုးသူစိုး ကပြောပါတယ်။
မနေ့က နေပြည်တော် ရဲဝန်ထမ်းအိမ်ယာကနေ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုကို ဖယ်ရှားခိုင်းခဲ့ပြီး အမှတ်(၈) လုံခြုံရေး ရဲတပ်ရင်းမှာ ဒုရဲမှူး မိုးရန်နိုင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရကတည်းက ပြောင်းရွှေ့ခိုင်းထားတာဖြစ်တယ် လို့လည်း ဆိုပါတယ်။
အခုလ ၂၀ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးအမှုအတွက် ဒုရဲမှူး မိုးရန်နိုင်က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီထွက်ဆိုချက်မှာ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးခဲ့တာလို့ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။