အံဒင်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ခွင့် မပြုကြောင်း မွန်ဝန်ကြီးချုပ်ပြော

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဒီအစိုးရသက်တမ်းအတွင်း ခွင့်ပြုမှာမဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က အံဒင်ဒေသခံတွေကို ပြောလိုက်ပါတယ်။

အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဖျက်သိမ်းပေးဖို့ ၂ဝ၁၆ ခုနှစ် မေလ ၅ ရက်နေ့ က ဒေသခံတွေ ကန့်ကွက်ဆန္ဒပြစဉ် Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဒီအစိုးရသက်တမ်းအတွင်း ခွင့်ပြုမှာမဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က အံဒင်ဒေသခံတွေ ကို ပြောလိုက်ပါတယ်။

မနေ့က အံဒင် ဒေသခံတွေ၊ ဆရာတော်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က ပြောလိုက် တာဖြစ်တယ်လို့ တွေဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်း က ပြောပါတယ်။

"သူကတာဝန်ယူတယ်ပေါ့နော်၊ ကျောက်မီးသွေးစက်ရုံကို ဒီမှာဆောက်ပြီး ၉ဝ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံပို့ဖို့ သူ့လက်ထဲမှာ ဘယ်လိုမှခွင့်ပြုနိုင်မှာ မဟုတ်ဘူးလို့ အသေအချာပြောသွားတယ်"


အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လျှပ်စစ်ဝန်ကြီးဌာနက Toyo-Thai ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလ ၉ ရက်နေ့က သဘောတူလိုက်တာဖြစ်ပါတယ်။

အဲဒီ ကျောက်မီးသွေးစီမံကိန်းကို အံဒင်ကျေးရွာအနီးက မြေဧက ၅၀၀ မှာ ၄နှစ်ကြာ အကောင်အထည်ဖော် မှာဖြစ်ပါတယ်။ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၀၀ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး တစ်နှစ်ကို ၁၂၈ဝ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ပါတယ်။

အဲဒီစီမံကန်းက ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေထဲက ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကို တင်ပို့ရောင်းချ မှာဖြစ်ပါတယ်။

အံဒင်ဒေသခံတွေဟာ ကျောက်မီးသွေးသုံးစက်ရုံကို ကန့်ကွက်လက်မှတ်တွေကောက်ခံပြီး နိုင်ငံတော်သမ္မတနဲ့ ဌာနဆိုင်ရာတွေပေးပို့တာ ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org