အံဒင်စီမံကိန်း စူးစမ်းရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားကြောင်း ဒုဝန်ကြီးပြောကြား
2015.12.30

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အကောင်အထည်ဖော်မယ့် အံဒင်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်း ကို ဒေသခံတွေရဲ့ သဘောတူညီမှု မရရှိသေးမီကာလအတွင်း စီမံကိန်းနဲ့ ပတ်သက်တဲ့ စူးစမ်းလေ့လာတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦး က ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။
ရေးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက အံဒင်ကျောက်မီးသွေး စက်ရုံစီမံကိန်းကို အစိုးရအနေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ အခြေအနေရှိ၊ မရှိ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းတာကို ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
"မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအနီးမှာ အကောင်အထည်ဖော် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ရန်ကိစ္စကို ဒေသခံပြည်သူများမှ စီမံကိန်းအပေါ် လက်ခံ သဘောတူညီမှု ရရှိရေးအတွက် ရှင်းလင်းဆွေးနွေးချပြသွားရန် ညွှန်ကြားထားပါတယ်၊ ဆက်လက်ပြီး ဒေသ ခံပြည်သူများ၏ သဘောတူညီမှု မရရှိသေးမီကာလအတွင်း စူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြု ဘဲ ခေတ္တဆိုင်းငံ့ထားပါကြောင်း ဖြေကြားရင်း နိဂုံးချုပ်အပ်ပါသည်"
အံဒင်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ လျှပ်စစ်ဓာတ်အား ၁၂၈၀ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ် ပြီး ပြည်တွင်းက ဝင်းရောင်ခြည်ဦး ကုမ္ပဏီနဲ့ တိုယို-ထိုင်း အများပိုင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး အကောင်အထည်ဖော်လုပ်ဆောင်မှာဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ တည်ဆောက်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ဒေသခံတွေက လက်မခံတာကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။