မြေလတ်အသံသတင်းထောက် အကြမ်းဖက်ပုဒ်မနဲ့ ထောင်ငါးနှစ်ချခံရ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က မြေလတ်အသံသတင်းဌာန သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ဧပြီလ ပထမပတ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင်ငါးနှစ်ချမှတ် လိုက်တယ်လို့ မြေလတ်အသံ အယ်ဒီတာချုပ် ဆလိုင်းကောင်းမြတ်မင်းက RFA ကို ဒီနေ့ပြောပါတယ်။

မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့်ကို တွေ့ရစဉ်။ Myaelatt Athan

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က မြေလတ်အသံသတင်းဌာန သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ဧပြီလ ပထမပတ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင်ငါးနှစ်ချမှတ် လိုက်တယ်လို့ မြေလတ်အသံ အယ်ဒီတာချုပ် ဆလိုင်းကောင်းမြတ်မင်းက RFA ကို ဒီနေ့ပြောပါတယ်။

သတင်းအလုပ်လုပ်နေသူကို ထောင်ငါးနှစ်အထိချလိုက်တာက လက်ခံနိုင်စရာမရှိဘူးလို့ ဆလိုင်း ကောင်း မြတ်မင်း ကပြောပါတယ်။

“သတင်းသမားအလုပ်က ထောင်ငါးနှစ်လောက်အထိချမှတ်ရလောက်မဲ့ အပြစ်မျိုးလည်းမဟုတ်ဘူး။ ဒါကို အကြမ်းဖမ်းမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂(က)နဲ့ ချလိုက်တာကတော့ ကျွန်တော်တို့လည်း စိတ်မကောင်း ဘူး။ ဒီလိုမျိုးလုပ်တဲ့အပေါ်မှာ တရားမျှတမှုရယူဖို့လည်း အရမ်းခက်တာပေါ့နော်။ သူတို့မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်လို့မရသေးပါဘူး”

သတင်းထောက် ကိုသန်းထိုက်မြင့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်အောင်မြို့နယ်က သူ့ရဲ့နေအိမ်မှာ အဖမ်းခံလိုက်ရတာလို့ဆိုပါတယ်။ သူ့ရဲ့ လက်ကိုင်ဖုန်းက ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကို အာဏာပိုင်တွေက စစ်ဆေးပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရတာလို့လည်းပြောပါတယ်။

လက်ရှိမှာ ဟင်္သာတအကျဉ်းထောင်ကို ပို့ဆောင်ခံထားရတယ်လို့လည်းဆိုပါတယ်။

ကိုသန်းထိုက်မြင့်ဟာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်က နိုင်ငံရေးပုဒ်မတစ်ခုဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ - ၅၀၅(က) နဲ့ ပထမအကြိမ်ထောင်ချခံခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်လာခဲ့တာပါ။ အဲဒီနောက် မြေလတ်အသံသတင်းဌာနမှာ ၂၀၂၄ ခုနှစ် ဇွန်လကစလို့ သတင်းသမားအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် ဖမ်းဆီးထောင်ချခံခဲ့ရတာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့ အချက်အလက်တွေအရ စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာသတင်းသမား ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက သတင်းသမား ၄၀ ကျော်ဟာ အကျဉ်းထောင်တွေမှာ ဆက်လက်အကျဉ်းချခံနေကြရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org