စစ်ကောင်စီအပေါ် သြဇာကြီးလာတဲ့ သတင်းပေး Telegram အကောင့်များ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.03.03
စစ်ကောင်စီအပေါ် သြဇာကြီးလာတဲ့ သတင်းပေး Telegram အကောင့်များ Telegram ဆိုင်းပုဒ်ရှေ့မှာ ရပ်နေသူတဦး။
File Photo - Reuters

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖိနှိပ်ဖမ်းဆီးနိုင်ရေး သတင်းပေးကြတဲ့သူ အများစုဟာ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Facebook လူမှုကွန်ရက်ကနေ ဖယ်ရှားခံထားရပါတယ်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် Facebook ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီတဲ့အတွက် အဲ့ဒီပလက်ဖောင်းကနေ ဖယ်ရှားခံရတဲ့ စစ်တပ်ထောက်ခံသူတွေ၊ အာဏာသိမ်းမှုကို လိုလားတဲ့သူတွေဟာ ရှရှားနိုင်ငံဖွား စီးပွားရေး လုပ်ငန်းရှင်ပိုင် စည်းကမ်းထိန်းသိမ်းမှု မရှိ၊ တာဝန်ယူမှု နည်းပါးတဲ့ Telegram လူမှုကွန်ရက်ကို ပြောင်းသုံးလာကြတာပါ။

၂ဝ၂၁ နှောင်းပိုင်းနဲ့ ၂ဝ၂၂ နှစ်ဆန်းပိုင်းမှာ ဒီအကောင့်တွေဟာ စစ်ကောင်စီအကျိုးစီးပွားအတွက် ဝါဒဖြန့်တာ၊ အယူဝါဒ မှိုင်းတိုက်တာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ပုဂ္ဂိုလ်ရေးအရ ဖော်ထုတ်ထိုးနှက်တာ၊ အကြမ်းဖက် ဖမ်းဆီးတိုက်ခိုက်နိုင်ဖို့ သတင်းပေးတာတွေပါ လုပ်ဆောင်လာကြတယ်လို့ လေ့လာစောင့်ကြည့်သူတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက RFA ကို ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် လူမှုကွန်ရက် စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့တဖွဲ့ရဲ့ ပြောခွင့်ရှိသူက "နောက်ပိုင်းမှာ FB က content Moderation ကို နည်းနည်းတင်းတင်းကြပ်ကြပ် လုပ်လာတယ်၊ အဲ့ဒီလို လုပ်လာတော့ သူတို့တွေဟာ Telegram ဘက်ကို ရောက်လာတယ်၊ Followers တွေလည်း တော်တော်များများရလာတယ်၊ အဲ့ဒီထဲမှာ ကျော်စွာ၊ သဇင်ဦးတို့ ဟန်ငြိမ်းဦးတို့ဆိုတဲ့ ချန်နယ်တွေရှိတယ်။ အဲ့ဒီထဲက ဟန်ငြိမ်းဦးဆိုတဲ့ ချန်နယ်ကို အထူးစောင့်ကြည့်နေတယ်"

အဲ့ဒီ ချန်နယ်တွေကို RFA က စောင့်ကြည့်ခဲ့ရာမှာ ဒီအကောင့်တွေဟာ စစ်ကောင်စီရဲ့ သတင်းနဲ့ ဝါဒဖြန့်စာတွေကို ပြန်လည် ဖြန့်ဝေရေးသားနေသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒီအထဲမှာ နာမည်အထွက်ဆုံးက ကျော်စွာ၊ ဟန်ငြိမ်းဦးနဲ့ သဇင်ဦး ချန်နယ်တွေဖြစ်ပါတယ်။

ကျော်စွာနဲ့ ဟန်ငြိမ်းဦးဆိုတဲ့ Telegram ချန်နယ်တွေကို လူပုဂ္ဂိုလ်တဦးယောက်က ထိန်းချုပ်တာလား၊ အဖွဲ့အစည်းတခုက ထိန်းချုပ်တာလားဆိုတာ တိတိကျကျ မသိရပေမယ့် သဇင်ဦးဆိုတာကတော့ စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲတွေ ပုံမှန်တက်နေတဲ့ သတင်းထောက် တစ်ယောက်ရဲ့ ချန်နယ်ပါ။

သူ့ရဲ့ ချန်နယ်မှာ စာရင်းသွင်းထားတဲ့သူ လူပေါင်း သုံးသောင်း ခြောက်ထောင်ကျော် ရှိပါတယ်။ကျော်စွာဆိုတဲ့ ချန်နယ်မှာတော့ လူပေါင်း ငါးသောင်းကျော်ရှိပြီး ဟန်ငြိမ်းဦးဆီမှာ လူတစ်သိန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအရပ်ဘက်အဖွဲ့က Han Nyein Oo ချန်နယ်ကို အထူးစောင့်ကြည့်နေတာပါ။

Han Nyein Oo ချန်နယ်ကို RFA က စောင့်ကြည့်ခဲ့ရာမှာ… စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ အရပ်သားပြည်သူတွေ၊ Facebook ပေါ်မှာ စစ်တပ်ကို ဆန့်ကျင်ရေးသားသူတွေနဲ့ CRPH/ NUG ကို ထောက်ခံသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ နေအိမ်လိပ်စာတွေ လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို အသေးစိတ် ထုတ်ဖော်သတင်းပေးနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ ၂ လအတွင်း ဒီချန်နယ်က ဖော်ပြသတင်းပေးခံရသူ နိုင်ငံရေး လှုပ်ရှားသူတွေဟာ အချိန်ပိုင်းအတွင်းမှာ စစ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရတာ၊ ပိုင်ဆိုင်မှုတွေ အသိမ်းခံရတာတွေ ဖြစ်လာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လုပ်ခဲ့တဲ့ စစ်အာဏာဆန့်ကျင်ရေး အသံတိတ်သပိတ် ဆန္ဒပြပွဲကို ထောက်ခံ အားပေးကြောင်း လူမှုကွန်ရက် Facebook ပေါ်မှာ ရေးသားခဲ့တဲ့သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ဒီဟန်ငြိမ်းဦးအကောင့်က စုစည်းဖော်ပြခဲ့ပြီး ဖမ်းဆီးဖို့ ဆော်သြခဲ့ပါတယ်။ အဲ့ဒီနောက် လူပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

အဖမ်းခံရတဲ့ သူတွေထဲမှာ ခင်ပွန်းသည်ပါသွားတဲ့၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ အိမ်ရှင်မ တစ်ဦးက "ကျမတို့က ဆိုင်ပိတ်မယ်လို့ ရိုးရိုးသားသားကြေညာတာ၊ ဒါကို ဟန်ငြိမ်းဦးက သူ့အကောင့်မှာတင်ပြီး အသံတိတ်သပိတ်ထောက်ခံတယ်ဆိုပြီး ဖွလိုက်တာ၊ အဲ့ဒါပြီးတော့ ကျမယောက်ျားကို ချက်ချင်း ဖမ်းသွားတာပဲ" သူ့ရဲ့အမျိုးသားကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အရေးယူထားတယ်လို့ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကလည်း ဒီဟန်ငြိမ်းဦးအကောင့်မှာ သူတို့နာမည်ပါလာပြီး အိမ်မှာ ဆက်မနေရဲတော့ဘဲ နယ်စပ်ကို ထွက်ပြေးနေရတယ်လို့ RFA ကိုပြောပါတယ်။သူထွက်ပြေးတဲ့နေ့မှာ စစ်ကောင်စီတပ်တွေအိမ်ကိုလာရှာခဲ့ကြပြီး လူကိုမဖမ်းမိလို့ နေအိမ်ကို ချိတ်ပိတ်သွားတယ်လို့ ပြောပါတယ်။

ပြည်တွင်းအခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဒါရိုက်တာဝိုင်းဟာ အဲ့ဒီချန်နယ်က သတင်းထုတ်လွှင့်ပြီး နာရီပိုင်းအကြာမှာ အဖမ်းခံခဲ့ရပါတယ်။

မော်ဒယ်သရုပ်ဆောင် သင်းသင်းဟာလည်း အလားတူ တယ်လီဂရန်ချယ်နယ်တခုက ဖော်ထုတ်ရေးသားတာခံရအပြီး အိမ်ကိုလာဝိုင်း အဖမ်းခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီချန်နယ်မှာ ဖော်ပြခံရသူတွေဟာ နေအိမ်တွေ ပိုင်ဆိုင်မှုတွေလည်း အသိမ်းခံကြရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ရန်ကုန်က နေအိမ်ကို ချိတ်ပိတ်အသိမ်းခံခဲ့ရတဲ့ နိုင်ငံရေး လှုပ်ရှားသူ ပန်ဆယ်လိုပြောပြတာက…

"စစ်တပ်က ဒီအိမ်တွေကို ပိတ်မယ်ဆိုရင် သူတို့မှာ သူတို့ရဲ့ ထောက်လှမ်းရေးတွေဆီက သတင်းတွေရထားပြီးသား၊ ဒါပေမဲ့ ပြည်သူတွေကို ကြောက်အောင် ဟန်ငြိမ်းဦး ချန်နယ်ကို တင်ခိုင်းလိုက်တယ်၊ တင်ပြီးမှ သူတို့က သိမ်းတာ၊ ဖမ်းတာ၊ အဲ့ဒါဆိုရင် ဒီချန်နယ်ကို ပြည်သူတွေက ကြောက်လာမယ်၊ ဆိုက်ဝါးပုံစံမျိုး လုပ်နေတာ၊ အကြမ်းဖက်မှုတွေကို လှုံဆော်နေတဲ့ ဖြစ်စဉ်တွေကို တယ်လီဂရန်ကနေ ထိန်းချုပ်ဖို့ လိုတယ်လို့ မြင်တယ်"

ပန်ဆယ်လိုဟာ မြန်မာပြည်က လူမှုမီဒီယာသုံးသူတွေကြားမှာ နာမည်ကြီး ထင်ရှားသူဖြစ်ပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဘက်က ရပ်တည်တဲ့သူ တစ်ယောက်ပါ။ အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ဆက်နေလို့ မဖြစ်နိုင်တော့တာကြောင့် သူဟာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွေ့ အခြေချနေသူပါ။

ကျော်စွာ၊ ဟန်ငြိမ်းဦးနဲ့ သဇင်ဦး ချန်နယ်တွေအကြောင်း စွပ်စွဲပြောဆိုတာတွေနဲ့ပတ်သက်ပြီး ဒီအကောင့်တွေဘက်က တုံ့ပြန်ပြောဆိုချက်ရဖို့ RFA က ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ တုံ့ပြန်ချက်မရသေးပါဘူး။

ဒါပေမယ့်ဟန်ငြိမ်းဦး အကောင့်မှာတော့ သူဟာ နိုင်ငံသားတစ်ယောက်သာဖြစ်ပြီး နောက်ထပ်လည်း နိုင်ငံတော်အကျိုးစီးပွားအတွက် ထပ်မံရှာဖွေ ဖော်ထုတ်သွားမယ်ဆိုပြီး အတိအလင်း ရေးသားထားတာ တွေ့ရပါတယ်။

မန္တလေးမြို့က အမျိုးသမီး သပိတ်ခေါင်းဆောင် မအေးမြင့်အောင်အောင်ကတော့"စစ်တပ်က ထောက်လှမ်းရေးကောင်းကောင်းရှိတယ်၊ သူတို့ ထောက်လှမ်းချင်ရင် မကြာဘူး၊ နေရာတော်တော်များများကို လက်တံရှည်တယ်၊ တချို့ အဲ့ဒီချန်နယ်ကနေ တက်လာသူတွေဆို အဘ အမည်နဲ့တကွ အတိအကျပါတယ်။ လုပ်နေသူတွေက ထောက်လှမ်းရေး ဘက်ကပဲလို့ မြင်တယ်"

တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီချန်နယ်တွေနဲ့ စစ်ကောင်စီ ပတ်သက်မှုမရှိသလို အွန်လိုင်းသုံးတာတွေကို စောင့်ကြည့်တာ မရှိဘူးလို့ RFA ကိုပြောပါတယ်။

"အဓိကကတော့ လူမှုကွန်ရက် စာမျက်နှာတွေမှာ စောင့်ကြည့်၊ သူတို့ဘာသာ လေ့လာနေသူတွေရှိကောင်း၊ရှိမယ်၊ တပ်မတော်အနေနဲ့က အဖွဲ့ဖွဲ့ လုပ်စရာမရှိပါဘူး၊ တချို့ဟာတွေက စောင့်ကြည့်နေစရာမလိုဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ဝေမျှကျရင်း ရောက်လာတော့ အထွေအထူး လိုက်ကြည့်နေစရာ မလိုဘူး"

အွန်လိုင်းပေါ်က စစ်တပ်ကို ဆန့်ကျင်ရေးသားတဲ့သူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေရှိနေတယ်ဆိုတဲ့ အချက်ကိုတော့ သူက မငြင်းပါဘူး။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ Telegram သုံးစွဲတဲ့သူ ပိုများလာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက RFA ကိုပြောပါတယ်။

ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်ကတော့ ဒီဆိုရှယ်မီဒီယာတွေဟာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ ဝေဖန်ပါတယ်။

"Telegram ဖြစ်စေ၊ Facebook ဖြစ်စေ တာဝန်မဲ့တယ်လို့ ကျနော်မြင်တယ်၊ စီးပွားရေး လုပ်ငန်းလုပ်တဲ့ အခါမှာ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ နိုင်ငံသား တစ်ယောက်ရဲ့ အခြေခံ အခွင့်အရေးတွေကို သူတို့က ဆုံးဖြတ်နေတယ်လို့ ကျနော်က မြင်တယ်၊ သူတို့အဲ့ဒီလို လုပ်ပိုင်ခွင့်မရှိဘူး"

အွန်လိုင်းပေါ်မှာ ကိုယ်ယုံကြည်ရာကိုရေးလို့ ဖမ်းဆီးခံရတာဟာလည်း လူသားတစ်ဦးရဲ့ အခွင့်အရေး ရပိုင်ခွင့်ဆုံးရှုံးတာလို့ ဆိုပါတယ်။

"နိုင်ငံသားဆိုင်ရာ အခွင့်အရေးတွေလည်း ရပိုင်ခွင့်ရှိသလို သူသည် လူသားတစ်ဦးဖြစ်တဲ့အတွက် လူ့အခြေခံအခွင့်အရေးတွေ လုံခြုံဖို့ သဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရှိရမယ်။ ဒါတွေလည်း ဖွဲ့စည်းပုံထဲမှာ ပါပြီးသား၊ ထို့အတူ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ လုံခြုံရေးအတွက် ပြဌာန်းထားတဲ့ နိုင်လွတ်လုံ ဥပဒေထဲမှာလည်း အပြည့်အဝပါပြီးသား ဖြစ်တယ်"

ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့ အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့ကလည်း Telegram ဟာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတယ်ဆိုပြီး အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။

Telegram ဟာ စစ်တပ်ရဲ့ဝါဒဖြန့်ချီနေတဲ့သူတွေကို လက်ခံနေတာ၊ အမုန်းစကားဖြန့်နေတာကို ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာစက် ရှင်သန်ရေး လက်ကိုင်တုတ်လိုဖြစ်လာပြီး တန်ခိုးသြဇာကြီးထွားလာနေတဲ့ ဒီ Telegram အကောင့်တွေအပေါ် သက်ဆိုင်ရာ ကုမ္ပဏီက အရေးယူကြီးကြပ်ဖို့ လိုတယ်လို့လည်း လူမှုကွန်ရက် စောင့်ကြည့်နေသူတွေက ထောက်ပြကြပါတယ်။

Telegram ပေါ်မှာ စစ်လော်ဘီတွေ သတင်းအမှား ဖြန့်နေတာနဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်ကို RFA က စာပေးပို့ မေးမြန်းထားပေမယ့် ဒီသတင်းထုတ်လွှင့်တဲ့ အချိန်ထိ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။