စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ် နှစ်ခု အပိတ်ခံရ
2022.03.11
စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေ၊ CRPH/NUG ကို ထောက်ခံသူတွေနဲ့ စစ်အာဏာ သိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်၊ နေအိမ်လိပ်စာ၊ လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို အသေးစိတ် ထုတ်ဖော်သတင်းပေးနေတဲ့ ဟန်ငြိမ်းဦးနဲ့ သဇင်ဦး ချန်နယ်တွေကို တယ်လီဂရန် လူမှုကွန်ယက်ကုမ္ပဏီက မတ်လ ၁၁ ရက် ဒီကနေ့မှာ ဖယ်ရှားလိုက်ပါတယ်။
အဲဒီချန်နယ်တွေမှာ ရေးသားချက်တွေဟာ တယ်လီဂရန်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်မှု မရှိကြောင်း မတ်လ ၃ ရက်နေ့မှာ RFA မြန်မာဌာနနဲ့ အင်္ဂလိပ်ဌာနတို့က သတင်း အသေးစိတ်ဖော်ထုတ်ရေးသားတင်ပြခဲ့ပါတယ်။
ဒီလိုသတင်းရေးသားရာမှာလည်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ၊ ဒူဘိုင်းမြို့မှာ အခြေစိုက်တဲ့ တယ်လီဂရန် ကုမ္ပဏီကိုလည်း စာရေးသားပေးပို့ပြီး မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက တရားဝင် ကြေညာချက်ထုတ်ပြန်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာတော့မရှိခဲ့ပါဘူး။
ဟန်ငြိမ်းဦးချန်နယ်ကို လူပုဂ္ဂိုလ်တဦးယောက်က ထိန်းချုပ်တာလား၊ အဖွဲ့အစည်းတခုက ထိန်းချုပ်တာလားဆိုတာ တိတိကျကျ မသိရပါဘူး။ သူ့ရဲ့ ချန်နယ်မှာ စာရင်းသွင်း စောင့်ကြည့်ဖတ်ရှုသူ subscriber လူပေါင်း တစ်သိန်းကျော်ရှိပါတယ်။
သဇင်ဦးချန်နယ်ကတော့ စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲတွေ ပုံမှန်တက်နေတဲ့ သတင်းထောက် တစ်ယောက်ရဲ့ ချန်နယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထောက် သဇင်ဦးက စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ သီးသန့် တွေ့ဆုံပြီး စစ်တပ်အာဏာသိမ်းမှု တရားဝင်ကြောင်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေအပေါ် အရေးယူနေတဲ့အကြောင်းနဲ့ အနာဂတ် ရွေးကောက်ပွဲနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍစတာတွေကို မေးမြန်းလွှင့်တင်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ ၂ လအတွင်း ဒီချန်နယ်တွေက ဖော်ပြသတင်းပေးခံရသူ နိုင်ငံရေး လှုပ်ရှားသူတွေဟာ အချိန်ပိုင်းအတွင်းမှာ စစ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရတာ၊ ပိုင်ဆိုင်မှုတွေ အသိမ်းခံရတာတွေ ဖြစ်လာတဲ့အထိ ဒီချန်နယ်တွေဟာ ထိပ်ပိုင်းစစ်ကောင်စီ အဖွဲ့နဲ့ အောက်ခြေ စစ်အာဏာပိုင်တွေအကြား သြဇာကြီးမားလာခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လုပ်ခဲ့တဲ့ စစ်အာဏာဆန့်ကျင်ရေး အသံတိတ်သပိတ် ဆန္ဒပြပွဲကို ထောက်ခံအားပေးကြောင်း လူမှုကွန်ရက် Facebook ပေါ်မှာ ရေးသားခဲ့တဲ့ သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ဟန်ငြိမ်းဦးအကောင့်က စုစည်းဖော်ပြခဲ့ပြီး ဖမ်းဆီးဖို့ ဆော်သြခဲ့ပါတယ်။ အဲဒီနောက် လူပေါင်း ၂ဝဝ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
ဟန်ငြိမ်းဦးချန်နယ်မှာတော့ သူဟာ နိုင်ငံသားတစ်ယောက်သာဖြစ်ပြီး နောက်ထပ်လည်း နိုင်ငံတော်အကျိုးစီးပွားအတွက် ထပ်မံရှာဖွေဖော်ထုတ်သွားမယ်ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။
ဟန်ငြိမ်းဦးချန်နယ်ကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားတာလို့ RFA နဲ့ စကားပြောခဲ့တဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီတယ်လီဂရန်ချန်နယ်တွေဟာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ RFA ကို ငြင်းဆိုထားပါတယ်။