ထုတ်ပယ်ခံရတဲ့ ခေါင်းဆောင်ပြန် ခန့်ဖို့ အလုပ်သမားဆန္ဒပြ
2015.02.08
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်က "စပါးနှံ" တာယာနဲ့ကျွတ်စက်ရုံမှာ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ် သမား သမဂ္ဂခေါင်းဆောင် ကိုဝင်းဇော်ထွန်း ကို အလုပ် ပြန်ခန့်ဖို့ အဲ့ဒီစက်ရုံက အလုပ်သမား ၃၀၀ နီးပါးက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အလုပ်သမားတွေကို ကူညီပေးတဲ့အတွက် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုဝင်းဇော်ထွန်း ကို ပြန်ခန့်ပေးဖို့ ဆန္ဒပြ တောင်းဆို တာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အလုပ်သမား မနီလာစိုးက ပြောပါတယ်။
"တရုတ်သူဌေးတွေလာရင် အလေးပြုရမယ်၊ အရိုအသေပေးရမယ်၊ အဲ့မှာတင် ညီမတို့အလုပ်သမားတွေက ဘာလို့အရိုအသေပေးရမှာလဲ ဆိုတဲ့အခါကျတော့ တရုတ်ကုမ္ပဏီမှာအလုပ်လုပ်ရင် ပြည်ကြီးတရုတ်တွေ ရဲ့ချမှတ်တဲ့စည်းကမ်းတွေကို မြန်မာနိုင်ငံက အလုပ်သမားတွေက လိုက်နာရမယ်လို့ပြောတယ်၊ အလုပ် သမား ခေါင်းဆောင် ကိုဝင်းဇော်ထွန်းက မင်းတို့တရုတ်သူဌေးကရော မြန်မာနိုင်ငံရဲ့စည်းကမ်း ကိုလိုက်နာ ပါသလားလို့ဆိုပြီးအဲ့လိုမေးလို့ အဲ့တစ်ချက်တည်းနဲ့ အလုပ်ထုတ်လိုက်တာ ပါ၊ ကိုဝင်းဇော်ထွန်းကို အလုပ် ထုတ်လို့ ဆန္ဒပြတာပါ"
စပါးနှံစက်ရုံ အလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုဝင်းဇော်ထွန်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အလုပ်ကထုတ်ပယ် ခဲ့တာဖြစ်ပါတယ်။
ကိုဝင်းဇော်ထွန်းကို အလုပ်ပြန်ခန့်ပေးဖို့အတွက် စက်ရုံတာဝန်ရှိသူတွေ၊ ခုံသမာဓိ ကောင်စီနဲ့ ညှိနှိုင်းပေမယ့် ပြေလည်မှု မရဘူးလို့ ဆန္ဒပြအလုပ်သမားတွေ ကပြောပါတယ်။
ဆန္ဒပြပွဲကို စပါးနှံစက်ရုံက အလုပ်သမားတွေနဲ့အတူ စိန်ဂေဟာ၊ ပုလိပ်၊ ဖူဂျီစတဲ့ စက်ရုံတွေက အလုပ်သမားတွေလည်း ပါဝင်ခဲ့ပါတယ်။