မြန်မာလုပ်သား တစ်သိန်းကျော် ထိုင်းမှာ အလုပ်လုပ်ခွင့်ပြု

ထိုင်းအလုပ်ရှင်တွေက ခေါ်ယူခွင့်လျှောက်ထားတဲ့ အလုပ်သမား တစ်သိန်းခြောက်သောင်းကျော် ရှိပြီး အဲဒီထဲက တစ်သိန်းကျော်ကို အလုပ်ခေါ်ယူခွင့်ပြုလိုက်တာလို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasathien က ပြောတာကို ကိုးကားပြီး ဘန်ကောက်ပိုစ့်သတင်းမှာ ဒီလ ၈ ရက်နေ့က ဖော်ပြပါတယ်။

၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Covid -19 ကိုရိုနာဗိုင်းရပ် ကူးစက်မှု စမ်းသပ်ရေးဆေးခန်းတွင် တွေ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ Photo: AFP

နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာ (MOU) အရ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းလေးသောင်းကျော်ကို ထိုင်းအလုပ်အကိုင်ဦးစီးဌာန(DoE)က အလုပ်လုပ်ကိုင်ခွင့်ပေးလိုက်ပါတယ်။

ထိုင်းအလုပ်ရှင်တွေက ခေါ်ယူခွင့်လျှောက်ထားတဲ့ အလုပ်သမား တစ်သိန်းခြောက်သောင်းကျော် ရှိပြီး အဲဒီထဲက တစ်သိန်းကျော်ကို အလုပ်ခေါ်ယူခွင့်ပြုလိုက်တာလို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasathien က ပြောတာကို ကိုးကားပြီး ဘန်ကောက်ပိုစ့်သတင်းမှာ ဒီလ ၈ ရက်နေ့က ဖော်ပြပါတယ်။

DoE က အလုပ်လုပ်ကိုင် ခွင့်ပြုလိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲ မြန်မာနိုင်ငံက တစ်သိန်းကျော် အတိအကျဆိုရင် ၁၁၇,ဝ၂၉ ဦးရှိပြီး လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမား ၃၈,၉၃၃ ဦး ရှိပါတယ်။

အလုပ်သမားတွေကို ခေါ်ဖို့ နဂိုကတည်းက အစီအစဉ်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“သူတို့က ခေါ်ဖို့အစီအစဉ်က ရှိပြီးသား။ ဒါပေမဲ့ ခေါ်ဖို့ အလုပ်ရှင်တွေ၊ အေးဂျင့်တွေဘက်ကနေ အလုပ်သမားခေါ်ယူခွင့် ပါမစ်လျှောက်ရတာကိုး။ အဲဒီပါမစ်တွေကို DOE ကနေ စိစစ်ပြီးတော့ ပြန်ချပေးရတာ။ ခေါ်ဖို့အတည်ပြုလိုက်တာပေါ့။ တစ်သိန်းခြောက်သောင်းကျော် တင်ထားတဲ့ထဲကနေ တစ်သိန်း လေးသောင်းကျော်ကို ခွင့်ပြုပေးလိုက်တာ။ အလုပ်သမားဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောတာပေါ့”

လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက MOU လုပ်သား တစ်သောင်းကျော်က ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် MOU အလုပ်သမားတွေကို ဝန်ဆောင်မှုပေးတဲ့ One-Stop Service လုပ်သား စုဆောင်းရေးဌာန မရှိသေးသလို၊ အလုပ်သမားတွေကို ပို့ဆောင်နိုင်ဖို့ အဆင်မပြေသေးဘူးလို့ ထိုင်းအလုပ်သမားဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် Pairoj Chotikathien က ပြောတယ်လို့ သတင်းမှာဖော်ပြပါတယ်။

လက်ရှိ ထိုင်းမြန်မာနယ်စပ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတာတွေကြောင့် အလုပ်သမားတွေကို ခေါ်ယူဖို့ မလွယ်ကူနိုင်ဘူးလို့ ဦးမင်းဦးက ပြောပါတယ်။

“ခွင့်ပြုလိုက်ပြီဆိုတော့ ဒီဘက်မှာလုပ်ဖို့အတွက် တော်တော်လေး နီးစပ်သွားပြီပေါ့။ ဘာလို့လဲဆိုတော့ ဟိုဘက်မှာက အေဂျင်စီတွေကလည်း စုဆောင်းထားတာတွေ ရှိပြီးသားပဲလေ။ ဒါပေမဲ့ ဒီဘက်မှာ သူ့ရက်မကျသေးဘူးဆိုရင်လုပ်လို့မရဘူး။ ဒါပေမဲ့ အခုလို ပုံစံမျိုးဆိုလို့ ရှိရင် အများစုက ရနောင်း၊ ကော့သောင်းနဲ့ မြဝတီဘက်က ခေါ်ရတာလေ။ အခုလို နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပစ်တာခတ်တာတွေ ဖြစ်နေတဲ့အခါကျတော့ တကယ်လို့ရပြီဆိုရင်တောင် လာဖို့ ခက်တယ်လေ”

ဘန်ကောက်မြို့အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်နေတဲ့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က MOU အလုပ်သမားတွေကို ဘယ်လို ခေါ်ယူမယ်ဆိုတဲ့ ခရီးစဉ်ကိစ္စတွေ ဆောင်ရွက်နေတုန်းပဲလို့ ပြောပါတယ်။

“အစီအစဉ်အတိုင်းတော့ ဆောင်ရွက်နေပါတယ်။ သို့သော် ဘာမှ အတိအကျမသိရသေးပါဘူး။ အဓိကတော့ မြန်မာပြည်ဘက် လုပ်ရမယ့် ဖြစ်စဉ်မှာ အလုပ်ခေါ်စာကိစ္စတို့၊ စာချုပ်ချုပ်တဲ့ ကိစ္စတို့ နာမည်စာရင်းပို့တဲ့ ကိစ္စတော့ တော်တော်များများ ပြီးသွားပါပြီ။ သို့သော် ဘယ်လို အစီအစဉ်နဲ့ ပို့မယ်ဆိုတာ အခုထိ မသိသေးပါဘူးခင်ဗျ။ ဆောင်တော့ ဆောင်ရွက်နေတဲ့ အနေအထား ရှိပါသေးတယ်။ အခုဟာက ပို့ဆောင်မယ့် ခရီးစဉ်ပေါ့။ ကားနဲ့သွားမလား။ လေယာဉ်နဲ့သွားမလားဆိုတဲ့ကိစ္စကို အဲဒါ ဆောင်ရွက်နေတုန်းပါ”

MOU အလုပ်သမားတွေကို ခေါ်ယူဖို့ ဘန်ကောက်မြို့က မြန်မာသံအရာရှိတွေကတော့ အလုပ်ခေါ်စာတွေနဲ့ ပတ်သက်လို့ အလုပ်ရုံတွေမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက စစ်ဆေးနေတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
လောလောဆယ် ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၂.၁ သန်းကျော်ကို မိမိနိုင်ငံပြန်စရာမလိုဘဲ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့် သက်တမ်းတိုးခွင့်ပေးထားပါတယ်။

ထိုင်းအစိုးရက သူ့နိုင်ငံ စီးပွားရေး လိုအပ်ချက်အရ MOU ရွှေ့ပြောင်း အလုပ်သမား ၈ သိန်း ခေါ်ယူမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org