ပန်းရောင်ကတ်လုပ်တဲ့အခါ အလိမ်မခံရဖို့ အလုပ်သမားအရေးလှုပ်ရှားသူတွေ အသိပေး

RFA Burmese
2024.12.16
ပန်းရောင်ကတ်လုပ်တဲ့အခါ အလိမ်မခံရဖို့ အလုပ်သမားအရေးလှုပ်ရှားသူတွေ အသိပေး ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသည့် CI Center တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ Hazel.com Bangkok Services

ထိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် ယာယီနေထိုင် အလုပ်လုပ်ခွင့် ပန်းရောင်ကတ် (ဘတ်) လုပ်တဲ့အခါ လိမ်လည်မှုတွေရှိနေတာကြောင့် သတိပြုကြဖို့ ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေး လှုပ်ရှားနေသူတွေက RFA ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြောပါတယ်။

ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ပန်းရောင်ကတ် (ဘတ်) လျှောက်ထားတာကို ဒီဇင်ဘာလ ၁၆ ရက်ကနေ ၃၀ ရက်အထိ ၁၅ ရက်ကြာ လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး နှစ်နှစ် နေထိုင်ခွင့်သက်တမ်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းရောင်ကတ် (ဘတ်) လျှောက်တဲ့အခါ တရားဝင် ကုန်ကျစရိတ်အဖြစ် ထိုင်းဘတ်ငွေ ခုနစ်ထောင်ခန့်သာ ကုန်ကျမှုရှိပေမဲ့ ပွဲစားတွေက ဘတ်တစ်သောင်းခွဲအထိ တောင်းယူတာရှိသလို လိမ်လည်မှုတွေလည်းရှိနေတယ်လို့ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်းက တာဝန်ရှိသူ ဦးအောင်ကျော်က RFA ကို ပြောပါတယ်။

"မြန်မာ အလုပ်သမားတွေဟာ အတွေ့အကြုံနဲ့ ဗဟုသုတ နည်းပါးတဲ့အခါမှာ တချို့က တွေ့ရာလူတွေနဲ့ လိုက်ပြီးမှ အပ်လိုက်တဲ့အခါ လိမ်လည်လှည့်ဖြားသွားတာတွေ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ထက် ပိုပေးရတာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ခဲ့ဖူးတဲ့ အနေအထားမှာ တချို့က ငွေတော့ ယူသွားတယ်။ သတ်မှတ်ထားတဲ့ နှုန်းထားထက်လည်း ပိုယူတယ်။ ပြီးရင် အဆုံးထိ မလုပ်သွားတော့ ပြီးပြည့်စုံတဲ့ စာရွက်စာတမ်းမရရှိတဲ့ အလုပ်သမားတွေကလည်း ထိုင်းနိုင်ငံမှာ အများကြီး ရှိနေတယ်"

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ် (ဘတ်) ကို အွန်လိုင်းကနေတစ်ဆင့် လျှောက်ထားရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီလိုလျှောက်ထားရာမှာ နိုင်ငံခြားသားတွေကို ငှားရမ်းထားတဲ့ ထိုင်းနိုင်ငံသား အလုပ်ရှင်ကနေ အလုပ်သမားတွေအတွက် လျှောက်ထားရမှာဖြစ်သလို ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမား အေဂျင်စီတွေက တစ်ဆင့်လည်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အလိမ်မခံရဖို့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေ့လာဖို့လိုပြီး ကြုံရာပွဲစားတွေနဲ့ မလုပ်ဖို့လိုတယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက သတိပေးထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးကတော့ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားအရေးလုပ်နေသူတွေက ချိတ်ဆက်ပေးတဲ့ အေဂျင်စီတွေကတစ်ဆင့် ပန်းရောင်ကတ် (ဘတ်) လျှောက်ထားရင် ပွဲစားတွေရဲ့ အလိမ်ခံရမှု နည်းပါးတယ်လို့ RFA ကိုပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်မှု များနေသလို တရားမဝင် နယ်စပ်ဖြတ်ကျော်တာနဲ့ အထောက်အထား မပြည့်စုံတာတွေကြောင့် ဖမ်းဆီးခံရတာတွေလည်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။