မြန်မာအလုပ်သမား ၃၅ဝ ကျော် ထိုင်းအစိုးရ ထပ်မံ လက်ခံ

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာ (MOU) နဲ့ မြန်မာအလုပ်သမား ၃၅၄ ဦး မေလ ၂၆ ရက်နေ့က ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်ရခဲ့ပါတယ်။
ဒီအလုပ်သမားတွေထဲက ထိုင်းနိုင်ငံ Ansen Technology ကုမ္ပဏီကို ၉၈ ဦး၊ Dasko ကုမ္ပဏီကို ၅၇ ဦး၊ Spring Kitchens ကုမ္ပဏီကို ၁၅ဝ ဦးနဲ့ Chungseng form ကုမ္ပဏီကို ၄၉ ဦးတို့ သွားရောက်လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ ဘန်ကောက်မြို့ မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မြန်မာအလုပ်သမားတွေဟာ မြန်မာအေဂျင်စီကို ငွေ ၃ သိန်းကျပ် ပေးရပြီး ထိုင်းနိုင်ငံဘက်မှာ ၅၃၉ဝ ဘတ် နဲ့ ၇၆ဝဝ ဘတ်ထိ ပေးရတဲ့အတွက် MOU အလုပ်သမားတစ်ဦးဟာ ထိုင်းနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ ကျပ်ငွေ ၂၅ သိန်းကနေ ကျပ်သိန်း ၃ဝ ထိ ကုန်ကျတယ်လို့ မဲဆောက်မြို့က မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုကြောင့် ၂ နှစ်ကျော်ကြာ MOU လုပ်သားတင်သွင်းမှု ဆိုင်းငံ့ခဲ့ရာကနေ အခု မေလကစပြီး အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
မေလ ၁ဝ ရက်၊ ၁၁ ရက်၊ ၁၉ ရက်၊ ၂ဝ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ အသုတ်လိုက် ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့ပြီး မေလ ၂၆ ရက်နေ့ထိဆိုရင် ခြောက်ကြိမ်မြောက် ဝင်ခွင့် ထပ်ရခဲ့ရာ MOU မြန်မာလုပ်သား ၁၆၉၁ ဦး ထိုင်းနိုင်ငံမှာ ဝင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ထိုင်းအလုပ်အကိုင် ဦးစီးဌာနကနေ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ သိန်း ၁ သောင်းကျော် (၁၁၇ဝ၂၉ ) အလုပ်ခေါ်ယူခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။