ပြတ်ကျခဲ့တဲ့ မြောင်းမြကြိုးတံတားကို ပြင်ဆင်အသုံးပြုမှာ မဟုတ်
ဒီနေ့ မနက် ၁ နာရီကျော်လောက်မှာ ကျိုးကျခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်က မြောင်းမြ ကြိုးတံတားကို ပြန်လည်ပြင်ဆင်အသုံးပြုတော့မှာ မဟုတ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒီနေ့ ပြောပါတယ်။
-
2018-04-01 -
-
-
ဒီနေ့ မနက် ၁ နာရီကျော်လောက်မှာ ကျိုးကျခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်က မြောင်းမြကြိုးတံတား ကို ပြန်လည်ပြင်ဆင်အသုံးပြုတော့မှာ မဟုတ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒီနေ့ ပြောပါတယ်။
အဲဒီတံတားဟာ ခံနိုင်ဝန်အားနည်းနေပြီး ကွန်ကရစ်တုံးတွေထဲမှာ ချည်ထားတဲ့ သံကြိုးတွေ ပြတ်တာကြောင့် ကျိုးကျခဲ့တာဖြစ်ကြောင်းနဲ့ ဆောက်လုပ်ဆဲ တံတားအသစ်ကိုပဲ အသုံးပြုတော့မှာဖြစ်တယ်လို့ တိုင်းဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
"ဒီတံတားရဲ့ ခံနိုင်ဝန်က သိပ်မကောင်းတော့လို့ ကျနော်တို့က တံတားသစ်တစ်စင်းက ဆောက်နေပြီ။ ဘေးနား မှာ ကပ်ရပ်၊ ဆောက်နေတဲ့ အချိန်မှာပဲ ဆွဲထားတဲ့ကြိုး ပြတ်ထွက်သွားတာပေါ့နော်။ နောက်ပြီးတော့လည်း အရင်တုန်းက ဆောက်ခဲ့တဲ့ ဒီဇိုင်းအရ ကွန်ကရစ်တုံးထဲမှာ ကြိုးတွေကို ချိတ်ထားတာပေါ့။ ကွန်ကရစ်တုံးကြီးထဲ မှာ အဲ့ဒါတွေကျတော့ ကျနော်တို့ စစ်လို့မရတာလည်း ပါတာပေါ့။ ဒီတံတားကို ဘာမှပြန်လုပ်ဖို့မရှိဘူး။ ဘာလို့လဲဆိုတော့ ဘေးနားမှာကိုပဲ တံတားအသစ်တစ်စင်းက ဆောက်နေပြီလေ။ အဲ့တံတားကိုပဲ အမြန်ဆုံး ပြီးတဲ့နည်းနဲ့ လုပ်ဖို့ ကြိုးစားနေပါတယ်"
လက်ရှိမှာ လပွတ္တာ- မြောင်းမြ- ရန်ကုန်ကို ဆက်သွယ်သွားလာဖို့ ကူးတို့လှေတွေကိုသာ သုံးနေရတယ်လို့ မြောင်းမြမြို့နယ် ကရုဏာရှင်လူငယ်များအသင်းက ကိုဝေလင်းအောင် က ပြောပါတယ်။
"ဇက်တော့ အခုထိ ဘာမှမစီစဉ်ရသေးဘူး။ ကူးတို့နဲ့ပဲ ကူးနေကြတယ်။ ဟိုဘက်ဒီဘက်ကို။ အမြန်ဆုံးတော့ သူတို့ ဇက် လုပ်ပေးမယ်ပေါ့နော်။ ပြည်သူတွေအဆင်ပြေအောင်၊ ကုန်တင်တဲ့ ပြည်သူတွေ အဆင်ပြေအောင် ပေါ့နော်။ အမြန်ဆုံးတော့ ဇက်တွေ စီစဉ်ပေးမယ်ပြောသွားတယ်။ မနက်ကတော့။ ကျနော်တို့မှာ မြို့ထွက်လမ်းက ဒါပဲရှိတယ်ဆိုတော့လေ။ ပုသိမ်က Ambulance တွေနဲ့ချိတ်ပြီးတော့ တဖက်ကမ်းမှာ Ambulance တွေ ထားပေးပြီးတော့ ကနေ့တော့ ပုသိမ်ဆေးရုံတက်ရမယ့် လူနာတစ်ယောက် ကူးတို့နဲ့ကူးပြီးတော့ ဟိုဘက်က တစ်ဆင့် ပို့ပေးတယ်ပေါ့နော်"
အဲဒီတံတားကို ၁၉၉၆ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာနေတဲ့ တံတားဖြစ်ပါတယ်။
လက်ရှိမှာတော့ မြစ်ထဲကို ပြုတ်ကျသွားတဲ့ ကုန်တင်ကားနဲ့ လူ ၂ ယောက်ကို ရှာဖွေနေပေမယ့် ဒီညနေအထိ မတွေ့သေးဘူးလို့ ပြောပါတယ်။ အဲဒီကြိုးတံတားဟာ လပွတ္တာ နဲ့ မြောင်းမြမှာ နေထိုင်ကြတဲ့ လူဦးရေ ၆သိန်းခန့် ရန်ကုန်ကို သွားလာဖို့ အသုံးပြုကြတာဖြစ်ပါတယ်။
မြောင်းမြကြိုးတံတားဟောင်းကို ရေရှည်အသုံးပြုနိုင်ဖို့အတွက် မတ်လ ၁၁ ရက်နေ့မှာ တံတားပြုပြင်တဲ့လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး ယာဉ်တွေပုံမှန်အတိုင်း သွားလာနိုင်ပြီလို့ တံတားဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီပြင်ဆင်မှုတွေဟာ တံတားရဲ့ အဓိက အပိုင်းတွေကို ပြင်ဆင်နိုင်ခဲ့တာမဟုတ်ဘူးလို့ ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
လတ်တလော သွားလာရေးအတွက် ဇက်သင်္ဘောတွေကို စီစဉ်ပေးမှာဖြစ်ပြီး ဇက်တွေဆိုက်ကပ်ဖို့ ဆိပ်ကမ်းတွေ ကိုလည်း ၃ ရက်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
အဲဒီ မြောင်းမြကြိုးတံတားရဲ့ဘေးမှာ နှစ် ၁၀၀ အသုံးပြုနိုင်မယ့် သိန်းပေါင်း ၂ သိန်းကုန်ကျခံမယ့် တံတားတစ်စင်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလက စတင်ကာ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။