မြောင်းမြတံတားကိစ္စ ဆောက်လုပ်ရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်


2018.04.04
myaungmya-bridge-622.jpg ၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မနက်က ကျိုးကျခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်က မြောင်းမြကြိုးတံတားကို တွေ့ရစဉ်
Photo: Wai Lin Aung - facebook

မြောင်းမြကြိုးတံတား ကျိုးကျပျက်စီးခဲ့တဲ့အတွက် ၃နှစ်ကြာ ဆောက်လုပ်မယ့် တံတားအသစ်ကို တစ်နှစ်အတွင်း ပြီးစီးအောင် တံတားအမျိုးအစား ပြောင်းလဲဆောက်လုပ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး မြောင်းမြကြိုးတံတားနဲ့အပြိုင် တံတားအသစ်တစ်စင်းကို ဂျပန် အင်ဂျင်နီယာ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်လုပ်နေတာ တစ်နှစ်ခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

နည်းပညာအရ တံတားအသစ်ကို တည်ဆောက်ချိန် ၃နှစ် ကြာမြင့်မယ်လို့ သတ်မှတ်ထားပေမယ့် လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ တံတားအသစ်တစ်စင်း အမြန်လိုအပ်နေပြီဖြစ်တဲ့အတွက် တစ်နှစ်အတွင်း ပြီးစီးအောင်ဆောက်လုပ်ဖို့ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြောင်းမြကြိုးတံတားဟာ ၁၉၉၆ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကွန်ကရစ်ကြိုးထိန်းခံရဲ့ အတွင်းပိုင်း ကွန်ကရစ်ထဲမှာ ထည့်ပြီး မြှုပ်နံှထားတဲ့ သံမဏိကြိုးတွေ ဆွေးမြေ့ပြီး ကြိုးပြတ်တာဖြစ်တယ်လို့ တံတားကျိုးကျမှုစစ်ဆေးချက် ကိုလည်း  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ တိုင်းနဲ့ပြည်နယ်အတွင်းမှာရှိတဲ့ ကြိုးတံတား ၂၉ စင်းကို စိုးရိမ်မှုမရှိကြဖို့နဲ့ အဲဒီတံတားတွေ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလေးပေးဆောင်ရွက်နေကြောင်း ဒါ့အပြင် ကြိုးတံတားတွေပေါ်မှာ သတ်မှတ် ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ဖြတ်သန်းတာမပြုကြဖို့၊ သတ်မှတ်အရှိန်နှုန်းအတိုင်း မောင်းနှင်ကြဖို့လည်း သတိပေး ထားပါတယ်။ အဲဒီကြိုးတံတား ၂၉ စင်းကို အလားတူဖြစ်စဉ်မျိုးမဖြစ်အောင် အသေးစိတ်စစ်ဆေးမှုတွေ ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဧပြီ ၁ ရက်နေ့ မနက်အစောပိုင်းမှာ မြောင်းမြကြိုးတံတား ကျိုးကျခဲ့ပြီး ၆ ဘီး ယာဉ်တစ်စီး ရေထဲပြုတ်ကျခဲ့ရာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။