မြောင်းမြဒေသခံတွေ သွားလာရေး အခက်အခဲရှိနေ
2018.04.08

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှာ ကြိုးတံတား ကျိုးကျပြီးနောက်ပိုင်း မြစ်ကူးဖို့အတွက် ဇက်သင်္ဘော ၂ စီးနဲ့ ကူးတို့စက်လှေတွေကိုသာ အသုံးပြုနေရတာကြောင့် အခက်အခဲတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇက်သင်္ဘောတွေ၊ ကူးတို့တွေနဲ့ ကူးနေရတာကြောင့် လတ်တလောမှာတော့ အချိန်တွေပိုပေးနေရတယ်လို့ မြောင်းမြမြို့နယ် ကရုဏာရှင်လူငယ်များအသင်းက ကိုဝေလင်းအောင် က ပြောပါတယ်။
"ကားတွေသွားမရတော့ အဲ့လိုပဲ သောင်တင်နေတာပေါ့။ တချို့ ကုမ္ပဏီကားတွေပေါ့။ အခုကတော့ တော်တော် များများ ရပြီ။ အခုကတော့ ခရီးသွားတဲ့ကားတွေရော၊ ဘာရောပေါ့နော်။ ပိတ်မိနေတာ မဟုတ်ဘူးပေါ့။ သွားချင်တဲ့ကားတွေ အကုန်လုံးသွားခိုင်းနေပြီ။ သယ်ပေးနေပြီ။ ဘယ်ပြေပါ့မလဲ။ ကြာတာပေါ့။ သောင်တင်သွား တာ ဘာညာရှင်ရင် ကပ်မရပြန်ဘူး။ အဲ့လိုမျိုးရှိတယ်။ ၂ နာရီ ၃ နာရီကြာပေါ့နော်။ ဇက်ဆိပ်မှာ။ နာရီနဲ့ချီပြီး ကြာတာပေါ့"
ဇက်သဘောဆိပ်တွေကို အမြန်ဆောက်လုပ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကစပြီး အခမဲ့ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း လူစီး ၂ ထပ်သင်္ဘောတစ်စီးရောက်ရှိနေပြီး သင်္ဘောဆိပ်ကမ်း တည်ဆောက်ပြီးတာ နဲ့ အမြန်ဆုံးပြေးဆွဲပေးသွားမယ်လို့ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
အသစ်ဆောက်နေတဲ့ တံတားကိုလည်း တစ်နှစ်အတွင်း ပြီးအောင် ဆောက်လုပ်ဖို့ စီစဉ်နေတဲ့အကြောင်း၊ သတ်မှတ် အချိန်မှီအောင် တံတားအမျိုးအစား ပုံစံဒီဇိုင်းကိုသာ ပြောင်းလဲလိုက်တာဖြစ်ပြီး အရည်အသွေးပိုင်းကိုတော့ ထိခိုက် မခံထားတဲ့အကြောင်း ဝန်ကြီးက ပြောပါတယ်။
လာမယ့် ဧပြီ ၁၀ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့မှာ ငြိမ်းချမ်းရေး စကားဝိုင်းကို တက်ရောက်မှာဖြစ်သလို ကျိုးကျပျက်စီးခဲ့တဲ့ မြောင်းမြကြိုးတံတားကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။