မြစ်ဆုံကော်မရှင် ချီဖွေရေအားလျှပ်စစ်စက်ရုံကို သွားရောက်လေ့လာ

ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်၊ သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်တွေဟာ ချီဖွေမြို့နယ်က ချီဖွေရေအား လျှပ်စစ်စက်ရုံကို ဒီနေ့ သွားရောက်လေ့လာ ခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ အောင်မြင်သာကျေးရွာက တန်ဖရဲ အခြေခံပညာ အထက်တန်းကျောင်းခွဲကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မြစ်ဆုံစိစစ်ရေးကော်မရှင် သွားရောက်လေ့လာစဉ် Photo: Kyaw Myo Min/RFA

ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်၊ သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်တွေ ဟာ ချီဖွေမြို့နယ်က ချီဖွေရေအားလျှပ်စစ်စက်ရုံကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

ချီဖွေမြို့ကို ရဟတ်ယာဉ်နဲ့ သွားရောက်ပြီး ရေအားလျှပ်စစ်စက်ရုံကို သွားရောက်လေ့လာတာ ဖြစ်တယ် လို့ ကော်မရှင်အဖွဲ့ရဲ့ လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ပေးနေတဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောပါတယ်။

"ကျနော်မနက်ကတော့ ရဟတ်ယာဉ်နဲ့ ချီဖွေသွားတယ်ဗျ၊ အဲ့နောက်ပိုင်းတော့ ထပ်ပြီးတော့အဆက် အသွယ်မရသေးဘူး၊ ချီဖွေက ရေအားလျှပ်စစ်စက်ရုံကို သွားပြီးလေ့လာဖို့ရှိတယ်၊ ကျနော်တို့ကတော့ ဒီကလုံခြုံရေးပိုင်းလုပ်ပေးတာလေ"

အဲ့ဒီခရီးစဉ်မှာ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့လည်း လိုက်ပါသွားပြီး ဧရာဝတီ မြစ်ဆုံ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ ဧရိယာတွေကို သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။

ကော်မရှင်အဖွဲ့ဟာ မနေ့က မေခနဲ့မလိခ ဧရာဝတီမြစ်ဆုံ ရှုခင်းသာနဲ့ SPIC ကုမ္ပဏီရဲ့ မြစ်ဆုံ စီမံကိန်းဧရိယာကို သွားရောက်လေ့လာခဲ့သလို စီမံကိန်းကြောင့် အောင်မြင်သာနဲ့ မလိယန်ကျေးရွာတွေမှာ နေရပ် စွန့်ခွာရွှေ့ပြောင်းနေရတဲ့ ဒေသခံတစ်ချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

လေးရက်ကြာမြင့်မယ့် ကော်မရှင်ရဲ့ ခရီးစဉ်နောက်ဆုံးနေ့ မနက်ဖြန်မှာ မြစ်ကြီးနားမြို့ မြို့တော် ခန်းမမှာ လူထုနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အဲ့ဒီကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂ဝ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စုံစမ်းတွေ့ရှိချက် ပထမ အစီရင်ခံစာကို လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတထံ တင်သွင်းရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org