မြစ်ဆုံစီမံကိန်းကို ထာဝရတားဝရမ်းထုတ်ဖို့ ဒေသခံတွေကြိုးပမ်း
2019.10.25

မြစ်ဆုံစီမံကိန်းရပ်စဲရေးအတွက် ထာဝရတားဝရမ်းထုတ်ပေးဖို့ အလုပ်သမားအခွင့်ရေးဆိုင်ရာ အကြံပေး အထက်တန်းရှေ့နေ ဦးဖိုးဖြူနဲ့ မြစ်ဆုံဒေသခံ အယောက်သုံးရာကျော် ဒီကနေ့ မြစ်ကြီးနားတရားရုံးသို့ လာရောက်ပြီးတော့ အမှုဖွင့်ပေးဖို့ လာရောက်လျှောက်ထားခဲ့ကြပါတယ်။
လျှောက်ထားရာမှာ မြစ်ဆုံစီမံကိန်တည်ဆောက်မယ့်နေရာနားက အောင်မြင်သာ၊ မလိယန်၊ ကျိန်ခရန်၊ စတဲ့ သုံးရွာ ဒေသခံတွေပါ ဝင်ပြီးတော့ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မယ့် CPI/SPIC နဲ့ အေးရှားဝေါကုမ္ပဏီအနေနဲ့ စီမံကိန်းရပ်စဲဖို့၊ ထာဝရတားဝရမ်း ထုတ်ပေးဖို့ လာရောက်လျှောက်ထားတာဖြစ်တယ်လို့ အထက်တန်းရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
အမှုလက်ခံ သင့်၊ မသင့်ကို တရားရုံးက ဒီနေ့ ညနေဖက်မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။
မြစ်ဆုံစီမံကိန်းကို ပြည်သူတွေကန့်ကွက်မှုရှိတဲ့အတွက်၂၀၁၁ခုနှစ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီးတော့၊ လက်ရှိ ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်တဲ့ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်မှာလည်း အပြီးတိုင်ရပ်ဆိုင်းဖို့ ရှိ၊ မရှိ တိတိကျကျထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းအပါအဝင် ကြီးမားတဲ့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကျယ်နဲ့ စဉ်းစားစေချင်တယ်လို့ ပဲခူးတိုင်း ပြည်မြို့မှာ ၂၀၁၉ မတ်လ ၁၅ ရက်နေ့က ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုထားတာရှိပါတယ်။
မြစ်ဆုံဟာ ဧရာဝတီရဲ့အသက်သွေးကြောဖြစ်တာမို့၊ ဆည်ကြီးပိတ်ဆို့တည်ဆောက်ရင် ဧရာဝတီကိုသတ်တာနဲ့ တူတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေအစ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကပါ ကန့်ကွက်နေကြတာပါ။