မြစ်ဆုံစီမံကိန်း ပြည်သူတွေရဲ့ သဘောထားအတိုင်းသာဖြစ်
ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထား ဟာ ပြည်သူ့သဘောထားအတိုင်းပဲဖြစ် တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။
-
2017-05-20 -
-
-
ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားဟာ ပြည်သူ့သဘောထား အတိုင်းပဲဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မေးမြန်းတာကို ဧရာဝတီမြစ်ဆုံ ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဲဒီလိုဖြေကြားခဲ့တာပါ။
"မြစ်ဆုံကော်မရှင်အနေနဲ့ အခုထက်ထိ အစီရင်ခံစာ နောက်ဆုံးမတင်ရသေးပါဘူး၊ အဲဒါလေးကို အသိပေးပြောကြားလိုပါတယ်၊ ကျနော်တို့ ကချင်ပြည်နယ်အစိုးရအနေနဲ့တော့ မြစ်ဆုံနဲ့ ပတ်သက်ပြီး ပြည်သူရဲ့ သဘောထားအတိုင်းပဲဖြစ်ပါတယ်၊ ဒီလိုပဲ ဖြေပါရစေ၊ ကျေးဇူးတင်ပါတယ်"
လက်ရှိမှာ ချီဖွေငယ်ရေအားလျှပ်စစ် စီမံကိန်းကနေ လျှပ်စစ်ဓါတ်အား ၉၉ မဂ္ဂါဝပ်ထွက်ရှိပြီး အဲဒီအထဲက သုံးပုံတစ်ပုံသာ သုံးစွဲမှုရှိတာကြောင့် ဓါတ်အားတွေပိုနေလို့ လျှပ်စစ်ဓါတ်အားမရရှိတဲ့ ဒေသတွေကို မီးလင်းနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
အစိုးရရဲ့ အဓိကစိန်ခေါ်မှုဟာ ငြိမ်းချမ်းရေးဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရမှသာ ပြည်ထောင်စုတဝှမ်းလုံး က နိုင်ငံသားတွေအတွက် ဖွံ့ဖြိုးရေးကိစ္စတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါးပြဿနာ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ မြေယာကဏ္ဍ၊ တင်ဒါကိစ္စ စတဲ့ အထွေထွေ ကိစ္စရပ်တွေမှာ ပြည်နယ်အစိုးရက ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး တွေ့ဆုံရှင်းလင်းခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ဝန်ကြီးချုပ်နဲ့အတူ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြည်နယ်အဆင့် ဌာနဆိုင်တာဝန်ရှိ သူတွေ တက်ရောက်ခဲ့ကြပါတယ်။