ရခိုင်ပြည်နယ်နဲ့ ရန်ကုန်ကို ခရီးသွားလာသူများ ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးစရာ မလိုတော့

2021.03.24
ရခိုင်ပြည်နယ်နဲ့ ရန်ကုန်ကို ခရီးသွားလာသူများ ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးစရာ မလိုတော့ ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်ကနေ ပြန်လည်ထွက်ခွာမယ့် လေယာဉ်တစ်စီးကို ၂၀၂၀၊ ဖေဖော်ဝါရီ ၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်နဲ့ ရန်ကုန်ကို လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလာသူတွေ အနေနဲ့ မနေ့က မတ်လ ၂၃ ရက်နေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးစရာမလိုတော့ဘူးလို့ ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေက RFAကို ပြောပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ လျော့နည်းလာတဲ့အတွက် စစ်ဆေးမှုတွေကို ရပ်တန့်လိုက်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ရခိုင်လူသားချင်းစာနာထောက်မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) အတွင်းရေးမှူး ဦးခိုင်ကောင်းစံက ပြောပါတယ်။

အရင်တုန်းကဆိုရင် ရခိုင်ပြည်နယ်ကနေ တခြားမြို့နယ်တွေကို လေကြောင်းလိုင်းတွေနဲ့ ခရီးသွားမယ်ဆိုရင် တစ်ယောက်ကို ငွေကျပ် ၁၀၀၀၀ နှုန်းနဲ့ တစ်ရက်ကြိုတင်ပြီး ကိုဗစ်ပိုး စစ်ဆေးခံခဲ့ရတာပါ။

အဲဒီလို စစ်ဆေးခံရတာကြောင့် ခရီးသွားဖို့ အချိန်တွေလည်း ကြန့်ကြာတာ၊ ငွေကြေး ပိုကုန်ကျတာစတဲ့ အခက်အခဲတွေလည်း ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ကစလို့ ပြည်တွင်း ကူးစက်ခံရတဲ့ ကိုဗစ်ပိုးကို စတွေ့ခဲ့တာပါ။ အဲဒီနောက် ကူးစက်မှုတွေ မြင့်မားလာတဲ့အတွက် ရခိုင်ကနေ တခြားမြို့နယ်တွေကို လေကြောင်းတွေနဲ့ ခရီးသွားမယ်ဆိုရင် ကိုဗစ်ပိုးရှိ၊ မရှိစစ်ဆေးပြီးမှ သွားဖို့ အစိုးရကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။