နေစရာအကူအညီပေးဖို့ တောင်းဆိုမယ့် ညောင်ရွာမီးဘေး ဒုက္ခသည်တွေ ဝန်ကြီးချုပ်နဲ့ တေ့ွခွင့်မရ
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဒီနေ့သွားရောက် တောင်းဆိုခဲ့တဲ့ လှိုင်သာယာမြို့နယ် ညောင်ရွာက မီးဘေးဒုက္ခသည် ၆၀ ခန့်ဟာ တွေ့ခွင့်မရဘဲ မနက်ဖြန်မှာ အကြောင်းပြန်ပေးမယ်လို့ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားလိုက်ကြောင်း သိရပါတယ်။
-
2019-04-08 -
-
-
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဒီနေ့သွားရောက် တောင်းဆိုခဲ့တဲ့ လှိုင်သာယာမြို့နယ် ညောင်ရွာက မီးဘေးဒုက္ခသည် ၆၀ ခန့်ဟာ တွေ့ခွင့်မရဘဲ မနက်ဖြန်မှာ အကြောင်းပြန်ပေးမယ်လို့ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားလိုက်ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ နေပြည်တော်ကို ရောက်ရှိနေပြီး ပြန်ရောက်လာတဲ့အခါမှာ မီးဘေးဒုက္ခသည်တွေက တွေ့ဆုံဆွေးနွေးခွင့် တောင်းခံထားတဲ့ကိစ္စကို တင်ပြပြီး အကြောင်းပြန်ပေးမယ်လို့ပြောကြောင်း တိုင်းအစိုးရရုံးရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့တဲ့ မီးဘေးဒုက္ခသည် မခင်လေးနိုင်က RFA ကို ပြောပါတယ်။
တွေ့ဆုံဆွေးနွေးခွင့်မရရင် တိုင်းအစိုးရရုံးရှေ့ကို ထပ်မံလာရောက်ပြီး တောင်းဆိုသွားမယ်လို့လည်း မီးဘေးဒုက္ခသည်တွေက လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ပြန်လည်ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။
မီးဘေးဒုက္ခသည်တွေနဲ့ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တိကျတဲ့ အဖြေမရတာကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ တိုင်းအစိုးရရုံးရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့တာလို့ မခင်လေးနိုင်က ပြောပါတယ်။
မီးဘေးဒုက္ခသည်တွေထဲက နေစရာမရှိသူတွေဟာ လက်ရှိအချိန်မှာ ပန်းလှိုင်ဂေါက်ကွင်းရှေ့က အောင်သိဒ္ဓိဘုန်းကြီးကျောင်းရှေ့မှာ ယာယီတဲထိုးနေကြပြီး မကြာခင်ကာလအတွင်း မိုးတွင်းကာလကို ရောက်ရှိတော့မှာဖြစ်တာကြောင့် သူတို့မူလနေထိုင်ခဲ့တဲ့ ညောင်ရွာမှာ ပြန်လည်နေထိုင်ခွင့်ရဖို့ ဒါမှမဟုတ် လုံခြုံစိတ်ချရတဲ့ နေရာမှာ ပြန်လည်နေရာချထားပေးဖို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တောင်းဆိုမယ်လို့ မီးဘေးဒုက္ခသည်တွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းနားက ညောင်ကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က မီးလောင်ခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော် မီးထဲပါသွားခဲ့ပြီး လူဦးရေ ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အစိုးရရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ စာရင်းတွေအရ သိရပါတယ်။
အဲဒီထဲက အိမ်ထောင်စု ၃၈ စုက လူဦးရေ ၆၀ ခန့်ဟာ နေရာအခက်အခဲရှိနေတာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် အခြားနေရာတွေကို ပြောင်းရွှေ့သွားကြပြီလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။