ညောင်ကျေးရွာ မီးလောင်မှု အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ၄၀၀ ကျော်ရှိ


2019.03.10
hlaingtharyar-fire-622.jpg လှိုင်သာယာမြို့နယ် ညောင်ကျေးရွာမှာ ၂ဝ၁၉ ခုနှစ် မတ်လ ၉ ရက်နေ့က မီးလောင်ခဲ့တဲ့နေရာကို တွေ့ရစဉ်
Photo: Zarni Htun/RFA

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းနားက ညောင်ကျေးရွာမှာ မနေ့ညနေပိုင်းက မီးလောင် မှုကြောင့် နေအိမ် ၁၀၀ ကျော် မီးထဲပါသွားခဲ့ပြီး လူဦးရေ ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့ အစိုးရရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ စာရင်းတွေအရ သိရပါတယ်။

အဲဒီမီးလောင်မှုကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာတော့ သက္ကယ်မိုး၊ ထရံကာ ဝါးကြမ်းခင်း နေအိမ်အလုံး ၃၀ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစလောင်တဲ့ အိမ်ပိုင်ရှင်ကို လှိုင်သာယာမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ မီးလောင်မှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ပါရှိပါတယ်။

မီးစလောင်တဲ့နေအိမ်ဟာ ဓါတ်ဆီတွေကို တရားမဝင်သိုလှောင်ရောင်းချတဲ့အပြင် သံဝရိန်လုပ်ငန်းနဲ့ မီးသွေး အပါအဝင် ကုန်ပစ္စည်းမျိုးစုံကိုလည်း ရောင်းချတယ်လို့ မီးဘေးသင့်သူတွေက ပြောကြပါတယ်။

သံဝရိန်ဆော်ရာကနေ ဓါတ်ဆီပေပါတွေကို မီးကူးစက်ကာ မနေ့ညနေ ၄ နာရီခွဲဝန်းကျင်လောက်ကစပြီး ၂ နာရီနီးပါးကြာ လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာဟာ ကျူးကျော်နေထိုင်သူတွေနဲ့ လူဦးရေထူထပ်ပြီး တဲအိမ်တွေဟာ တစ်အိမ်နဲ့တစ်အိမ် နီးနီးကပ်ကပ် တည်ရှိတာကြောင့် မီးကူးလွယ်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

အလားတူ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ မေဓါဝီ(ဆ)ရပ်ကွက်၊ ကရဝိတ် ၂ လမ်းမှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့ပြီး ၁၀ တန်းဖြေနေဆဲ ကျောင်းသား ၄ ယောက်ရဲ့ နေအိမ်တွေလည်း မီးထဲပါသွားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။