လှိုင်သာယာမီးလောင်မှု နေအိမ် ၈၀ ဝန်းကျင် ပျက်စီးဆုံးရှုံး
2018.01.23

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၄ က ရေအုပ်ကန်ကျေးရွာအုပ်စုမှာ ဒီနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အိမ်ထောင်စု ၈၀ ဝန်းကျင် ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ရေနွေးအိုး တည်ရာကနေ မီးစလောင်တာလို့ ကနဦး သတင်းတွေအရ သိရကြောင်း ရေအုပ်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇေယျာမင်းဦး က ပြောပါတယ်။
"မီးလောင်တဲ့ဖြစ်စဉ်က သေဆုံးသွားတဲ့ ဦးစိုးဝင်းအိမ်ကနေ စဖြစ်တာခင်ဗျ၊ သူက ကျန်းမာရေး မကောင်းဘူး၊ လေနည်းနည်း ဖြန်းထားတယ်လို့ ပြောတယ်၊ သူ့သမီးတွေက အလုပ်သွားရင် သူ့ကို အိမ်မှာ သော့ခတ်သွားတယ် ပေါ့နော်၊ အဲလိုမျိုး သူက ရေနွေးအိုးတည်ရင်းနဲ့ အဲကနေ စလောင်တာလို့ လောလောဆယ် သိရတယ် ခင်ဗျ၊ နောက်ပြီးတော့ အဲမှာ ကျူးတွေဆိုတော့လည်း အကုန်လုံးက ဆက်စပ်နေတာ၊ အဲကနေ မီးထစွဲတာပေါ့နော်၊ လူကတော့ ၃၅၀ ဝန်းကျင်ရှိတယ်၊ အိမ်ထောင်စု ၈၃ စုရှိတယ်"
အဲဒီမီးလောင်မှုဟာ ဒီနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်လောက်က စလောင်တာဖြစ်ပြီး ၁၂ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားတာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် သေဆုံးသူ တစ်ဦးထက် ပိုများတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်ရှိအချိန်အထိ တစ်ဦးသာ အတည်ပြုနိုင်သေးတာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကိုလည်း စာရင်းကောက်ယူနေဆဲ ဖြစ်ပါတယ်။