အဆင့်မြင့် ပညာရေးဥပဒေ မူကြမ်းကို ကန့်ကွက်
မကြာခင်လွှတ်တော်မှာ ဆွေးနွေးတော့မယ့် အဆင့်မြင့်ပညာရေးဥပဒေ (မူကြမ်း) ကို အသိအမှတ်မပြုကြောင်းနဲ့ ကန့်ကွက်ကြောင်း တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြုကော်မတီက ဒီကနေ့ ရန်ကုန်တက္ကသိုလ်ထဲမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
-
2018-01-14 -
-
-
မကြာခင်လွှတ်တော်မှာ ဆွေးနွေးတော့မယ့် အဆင့်မြင့်ပညာရေးဥပဒေ (မူကြမ်း) ကို အသိအမှတ်မပြုကြောင်းနဲ့ ကန့်ကွက်ကြောင်း တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြုကော်မတီက ဒီကနေ့ ရန်ကုန်တက္ကသိုလ်ထဲမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဘာကြောင့်ကန့်ကွက်ရသလဲဆိုတာကို တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြုကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒဂုံတက္ကသိုလ် မြန်မာစာဌာန လက်ထောက်ကထိက ဆရာဦးမင်းဇင်က သတင်းစာရှင်းလင်းပွဲ မှာ အခုလိုပြောပါတယ်။
"ဒီဥပဒေမူကြမ်းမှာဆိုလို့ရှိရင် ပါဝင်သင့်ပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ မပါဝင်တာကိုလည်း တွေ့ရပါတယ်၊ နောက်တစ်ခါ ဒါကိုအခုကျမှပဲ ကျနော်တို့က သိရတာ အဲဒီတော့ ပွင့်လင်းမြင်သာမှုလည်း မရှိပါဘူး၊ နောက်တစ်ချက် အရေးအကြီးဆုံးကဘာလဲဆိုတော့ ကျနော်တို့က ပညာရေးဝန်ကြီးဌာနတစ်ခု တည်းရေးဆွဲလို့ အခုလိုမျိုး အသိအမှတ်မပြုဘူးလို့ ကြေညာရတာ မဟုတ်ပါဘူး၊ ရေးဆွဲထားတဲ့ဥပဒေတွေကို အကြမ်းမျဉ်းလေ့လာကြည့်တဲ့အခါမှာ ဗဟိုချုပ်ကိုင်မှုသဘောက ပြင်းပြင်းထန်ထန်ပါနေတာကို တွေ့ရပါတယ်၊ အထူးသဖြင့်ကတော့ အမျိုးသားပညာရေးဥပဒေမှာပါတဲ့ ပုဒ်မ ၂၇ ကိုင်ပြီးတော့မှ ပုဒ်မ ၂၇ အရဖွဲ့တဲ့ ကော်မတီဆိုတာကြီးကိုသုံးပြီးတော့မှ တစ်ခါတည်း ပညာသင်ကြားရေးသုတေသနကတော့ တက္ကသိုလ်တွေရဲ့ လွတ်လပ်တဲ့ သင်ကြားသင်ယူမှု၊ စီမံခန့်ခွဲမှုတွေအားလုံးကို ချုပ်ကိုင်ထားပါတယ်၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲနေ တယ်ဆိုတာတွေကိုလည်း ထောက်ပြချင်တဲ့အတွက် အခုလိုမျိုး သတင်းစာရှင်းလင်းပွဲ လုပ်ရတာဖြစ်ပါတယ်"
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဖြန့်ဝေခဲ့တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်ပညာရေးဥပဒေ (မူကြမ်း) ရေးဆွဲခဲ့တဲ့လုပ်ငန်းစဉ်မှာ ကျောင်းသား/ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ မပါဝင်ခဲ့သလို အမျိုးသားပညာရေးဥပဒေကို ပြင်ဆင့်သည့်ဥပဒေ (၂၀၁၅) မှာ ပါဝင်တဲ့ ပြဌာန်းချက်တွေကို ကျော်လွန်ပြီး ဗဟိုချုပ်ကိုင်မှုလွန်ကဲတဲ့ပြဌာန်းချက်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြုကော်မတီအနေနဲ့ လွှတ်တော်ရဲ့ အမျိုးသားပညာရေး မြှင့်တင်မှုကော်မတီကို တင်ပြပြီးတွေ့ဆုံဆွေးနွေးသွားမှာဖြစ်သလို ပညာရေးဝန်ကြီးဌာနက တစ်စုံတရာ အကြောင်းပြန်ကြားလာရင်လည်း တွေ့ဆုံဆွေးနွေးမယ်လို့ ဆရာဦးမင်းဇင်က ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာထဲမှာပဲ အဆင့်မြင့်ပညာရေးဥပဒေ (မူကြမ်း)၊ နည်းပညာနှင့် သက်မွေးပညာနှင့်လေ့ကျင့်ရေးဥပဒေ (မူကြမ်း)၊ ပုဂ္ဂလိကပညာရေးဥပဒေ (မူကြမ်း) နဲ့ အခြေခံပညာရေးဥပဒေ (မူကြမ်း) တို့ကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြန်စမယ့်လွှတ်တော်မှာ အခြေခံပညာရေး ဥပဒေ (မူကြမ်း)ကို စတင်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။