ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးခွင့် ကျောင်းသားတွေတောင်းဆို
2018.07.18

ကျောင်းသားနဲ့ ပြည်သူကို အခြေခံတဲ့ အဆင့်မြင့်ပညာရေး ဥပဒေတစ်ရပ် ပေါ်ပေါက်လာဖို့အတွက် ကျောင်းသား သမဂ္ဂ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့က ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေဆုံညှိုနှိုင်းခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
အဆင့်မြင့်ပညာရေး ဥပဒေတစ်ရပ် ပေါ်ပေါက်ထွန်းလာရေးအတွက် ကျောင်းသားသမဂ္ဂနဲ့ အစိုးရတို့ တရားဝင် တွေ့ဆုံညှိနှိုင်းပေးဖို့ တောင်းဆိုတာလို့ ကျောင်းသားသမဂ္ဂများ တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ကိုသက်မောင်မောင်ကပြောပါတယ်။
"ကျောင်းသားနဲ့ပြည်သူကို အခြေခံတဲ့ အဆင့်မြင့်ပညာရေး ဥပဒေတစ်ရပ် ပေါ်ပေါက်ထွန်းလာရေးအတွက် ကျောင်းသားသမဂ္ဂနဲ့ အစိုးရတို့ တရားဝင် တွေ့ဆုံညှိနှိုင်းပေးဖို့ တောင်းဆိုတာပါ။ အဓိကတော့ ပထမဆုံး တရားဝင် တွေ့ဆုံပေးဖို့ပေါ့။ တွေ့ဆုံပေးပြီးမှ ကျောင်းသား သမဂ္ဂတွေကို အဆင့်မြင့်ပညာရေးဥပဒေဟာ ဘယ်အဆင့်မှာထိ ပြီးပြီလဲ။ အဆင့်မြင့်ပညာရေးဥပဒေဟာ မူကြမ်းလား။ ကျနော်တို့ကို ဘယ်ချိန် တရားဝင် ချပြမှာလဲ။ ကျောင်းသားတွေကို ပါဝင်ဆွေးနွေးခွင့်ရမယ့်ဆို ဘယ်ချိန်ဖိတ်ခေါ်မှာလဲ။ ဒါမျိုးတွေကို ကျနော်တို့ သိချင်တာဗျ"
ပြီးခဲ့တဲ့ ရက်ပိုင်းက ပခုက္ကူ တက္ကသိုလ်မှာ တစ်နိုင်ငံလုံးက ကျောင်းသားသမဂ္ဂအဖွဲ့ပေါင်း ၆၃ ဖွဲ့က အစည်းအဝေး ပြုလုပ်ပြီး ကျောင်းသားနဲ့ ပြည်သူကို အခြေခံတဲ့ အဆင့်မြင့်ပညာရေးဥပဒေတရပ် ပေါ်ထွန်းဖို့အတွက် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဆောင်ရွက်ဖို့ ခုနှစ်ဦး ပါဝင်တဲ့ တွေဆုံညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
အဆင့်မြင့်ပညာရေးဥပဒေကြမ်း ပေါ်ထွက်လာဖို့အတွက် ပညာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေက ပညာရေးမြှင့်တင်မှု ကော်မတီဝင်တွေ၊ အမျိုးသားပညာရေး မူဝါဒ ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံလိုတယ်လို့ မနေ့က ရက်စွဲနဲ့ စာပေးပို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိ အဆင့်မြင့်ပညာရေးဥပဒေကြမ်းဟာ ဘယ်အခြေနေရောက်ပြီး ဘယ်လိုအချက်တွေ ပါဝင်တယ်ဆိုတာ မသိရသေးတာကြောင့် တွေ့ဆုံညှိနှိုင်းလိုတာလို့လည်း ညှိနှိုင်းရေး ကိုယ်စားလှယ်တွေက ပြောပါတယ်။
၂၀၁၈ နှစ် အစောပိုင်းကလည်း အဆင့်မြင့်ပညာရေးဥပဒေကြမ်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ မပါတာ၊ ပွင့်လင်း မြင့်သာမှု မရှိတာတွေကြောင့် တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြုကော်မတီက ကန့်ကွက် ခဲ့ပါသေးတယ်။