ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာန တေ့ွဆုံမည်


2018.07.30
takatha-meeting-622.jpg နိုင်ငံအဝှမ်းရှိ ကျောင်းသားသမဂ္ဂများ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈၊ ဇူလိုင် ၁၄ ရက်နေ့က ပခုက္ကူ တက္ကသိုလ်မှာ ကျင်းပစဉ်
ဓါတ်ပုံ - ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဖေ့စ်ဘွတ်

အဆင့်မြင့်ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၆၃ ဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ လာမယ့် သြဂုတ်လ ၁ ရက်နေ့ တေ့ွဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရာမှာ ကျောင်းသားတွေလည်း ပါဝင်နိုင်ရေးအတွက် တက္ကသိုလ်ကျောင်း သားများ သမဂ္ဂ ၆၃ ဖွဲ့ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့က ပညာရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်း လိုကြောင်း အကြောင်းကြားလာတဲ့အတွက် အခုလို စီစဉ်လိုက်တာလို့ အဆင့်မြင့်ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောပါတယ်။

"သူတို့က ကျနော်တို့ဆီကို စာပို့တယ်၊ စာပို့တာက အဆင့်မြင့်ပညာရေးဥပဒေနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်၊ ပြည်သူလွှတ်တော်၊ ပညာရေးဝန်ကြီးဌာန စတဲ့ ၅ ဖွဲ့နဲ့ တွေ့ဆုံချင်ပါတယ်လို့ စာပို့တဲ့ အတွက် ကျနော်က အမျိုးသားလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ အဲ့အဖွဲ့တွေ အကုန်ချိန်းရတာပေါ့၊ သူတို့အားတဲ့ရက် သူတို့ အားတဲ့အချိန်ကို ချိန်ပြီးတော့ ကျနော်တို့ သူတို့ကို အကြောင်းပြန်တာပေါ့လေ၊ တစ်ရက်နေ့မှာ တွေ့မယ်ဆိုပြီးတော့ အကြောင်းပြန်တာပါ၊ သူတို့က အဆင့်မြင့်ပညာဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးချင်တယ်ဆိုတော့ အဲဟာနဲ့ပတ်သက်လို့ ဆွေးနွေးနိုင်တဲ့ ဥပဒေနဲ့ပတ်သက်လို့ ကျနော်တို့ထက် ပိုပြောနိုင်မယ့် ဥပဒေ ပါမောက္ခတွေ သူတို့ကို ကျနော်တို့ ခေါ်ထားပါ့မယ်"

တက္ကသိုလ်ကျောင်းသားသမဂ္ဂများ တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပခုက္ကူ တက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုသက်မောင်မောင် က အခုလိုပြောပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေ အကုန်လုံးနဲ့ ကျနော်တို့တွေ့မှာပေါ့ သူတို့အကြောင်းပြန်တဲ့ အတိုင်း၊ ကျနော်တို့ တောင်းဆိုထားတဲ့အတိုင်းပေါ့၊ တွေ့တဲ့အခါမှာ ကျနော်တို့အဖွဲ့အနေနဲ့ အဆင့်မြင့် ပညာရေးဥပဒေသည် မူကြမ်းဖြစ်ပြီလား၊ ဘယ်အဆင့်ရောက်နေပြီလဲ၊ ပြီးတော့ ကျနော်တို့ကဆီ က ကျောင်းသားတွေ ဆရာ၊ ဆရာမတွေကို ပါဝင်ပြီးတော့ ရေးဆွဲခွင့်ပြုမလား မပြုဘူးလား အဲ့ဒါတွေ သိချင်တယ်၊ အဲဒါတွေ မေးသွားဖို့ ရှိပါတယ်"

လာမယ့် သြဂုတ်လ ၁ ရက်နေ့ နေ့လည် ၁ နာရီမှာ နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ တက္ကသိုလ် ကျောင်း သားများသမဂ္ဂ ကိုယ်စားလှယ် ၇ ဦးနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်က ပညာရေးမြှင့်တင်မှုကော်မတီက ကိုယ်စားလှယ်တွေ၊ ပါမောက္ခချုပ်များကော်မတီက ကိုယ်စားလှယ်တွေ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ကိုယ်စားလှယ်တွေ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပခုက္ကူတက္ကသိုလ်မှာ ဒီလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့က နိုင်ငံအနှံ့မှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ မျက်နှာစုံညီအစည်းအဝေးကို ကျင်းပခဲ့ကြပါတယ်။ အဲဒီအစည်းအဝေး မှာ ကျောင်းသားနဲ့ ပြည်သူကို အခြေခံတဲ့ အဆင့်မြင့်ပညာရေးဥပဒေပေါ်ပေါက်လာဖို့ သဘောတူခဲ့ကြပြီးနောက် အခုလို သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။