ပုလဲမြို့ပေါ် နေရာအများစုကို ကာကွယ်ရေးတပ်တွေ ထိန်းချုပ်
2024.11.14

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က နေရာအများစုကို နိုဝင်ဘာ ၁၄ ရက်နေ့ ဒီနေ့မနက်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက RFA ကို အတည်ပြုပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ စစ်ရေးအသာစီးရနေပြီး ထိန်းချုပ်ထားနိုင်တဲ့ တည်နေရာတွေကိုတော့ လေကြောင်းရန် စိုးရိမ်တာကြောင့် အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကလည်း ပုလဲမြို့ကို လက်မလွှတ်ရရေး နည်းလမ်းမျိုးစုံနဲ့ ခုခံနေပြီး လေကြောင်းကနေလည်း မရပ်မနား ပစ်ခတ်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမနက်တင် Mi- 35 နဲ့ တစ်နာရီလောက် လာပစ်သွားတယ်။ Mi-17 နဲ့ ကျတော့ နာရီဝက်နီးပါး ပစ်သွားပါတယ်။ နယ်မြေတွေ တော်တော်များများတော့ စိုးမိုးဝင်ရောက်နေနိုင်ပါပြီ။ ရဲစခန်းသိမ်းတာတို့ ဘာတို့ကတော့ လောလောဆယ် ရှေ့တန်းကနေ ဘာသတင်းမှ မပို့လာသေးပါဘူး”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုလဲမြို့ခံတွေ ထိခိုက်၊ သေဆုံးတာတွေရှိပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ ရဲစခန်းနဲ့ တပ်စခန်း သုံးခုထက်မနည်း ရှိနေပြီး အဲဒီနေရာတွေကိုတော့ ဆက်လက်တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပုလဲမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ရွာပေါင်း ၁၂ ရွာက အိမ်ထောင်စု နှစ်ထောင်ကျော်၊ စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့ကိုတော့ အောက်တိုဘာလ ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။
လက်ရှိမှာ ပုလဲမြို့အပြင် စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုလည်း ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပါတယ်။