မြေစာပုံကားတွေ ညဘက်မသွား လာဖို့ ဖားကန့်မှာ တောင်းဆို ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေမှာ စွန့်ပစ်မြေ စာတွေကို လျော့ချဖို့နဲ့ မြေစာပုံကားတွေ ညဘက်မှာ သွားလာတွေမလုပ်ကြဖို့ ဒေသခံရွာသားတွေက ဒီနေ့ ဆန္ဒပြကြပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ စွန့်ပစ်မြေစာတွေကို လျော့ချဖို့နဲ့ မြေစာပုံ ကားတွေ ညဘက်မှာ သွားလာတွေမလုပ်ကြဖို့ ဒေသခံရွာသားတွေက ဒီနေ့ ဆန္ဒပြကြပါတယ်။

မြေစာပုံတွေကို မြင့်မားစွာမပုံဖို့ မြေစာသယ်ကားတွေ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ရပ်နားထား ဖို့ တောင်းဆိုဆန္ဒပြကြတာလို့ ဖားကန့်မြို့နယ် စိုင်းနောင်ကျေးရွာက ဆန္ဒပြရွာသား တစ်ဦးဖြစ်တဲ့ ဦးတင်ကို က ပြောပါတယ်။

"ဒီဘက်မှာတော့ မြေစာဖို့တာတွေ တအားမြင့်လွန်းလို့ပေါ့ဗျာ အန္တရာယ်များလို့ပေါ့ အဲ့ဒါကြောင့် ဒီကရပ်ရွာအကျိုးပြုအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆန္ဒပြတာပါ၊ သူတို့ မြေစာတွေကို အန္တရာယ်မရှိအောင် ပုံဖို့ပေါ့၊ သူတို့က ကျနော်ပြောသလို ရွာအထွက် အစွန်ခေါ်တာပေါ့ အဲ့ဒီ အစွန်မှာသွန်တယ်ပေါ့၊ သူတို့သွန်တဲ့နေရာတွေဟာ ချောင်းဘေးတလျှောက်တွေ  သွန်တာဆိုတော့ ချောင်းတွေခဏခဏ ပိတ်ဆို့မှုတွေဖြစ်တာပေါ့၊ အဲ့ဒီကိစ္စကြောင့် ရွာတွေကတားတယ်ပေါ့၊ နောက်တစ်ခါ သူတို့ညသွားလာတဲ့ အခါမှာပေါ့ ည ၁၂ ကနေပြီးတော့ မနက် ၄ နာအထိ နားခိုင်းတာပေါ့ ကားတွေကို၊ သူတို့က မနားဘဲနဲ့ ဆက်သွားနေလို့၊ ကျနော်တို့ စိုင်းနောင်ကနေ သူတို့ဆီ မြေစာကားသွားတဲ့လမ်းမှာပဲ ဆန္ဒပြတာ"

ဖားကန့်မြို့က စိုင်းနောင်၊ စပေါ့နဲ့ နမ့်မော်ကျေးရွာတွေက ဒေသခံ ၂ဝဝ ကျော်တို့ဟာ သူတို့ ကျေးရွာတွေထဲ ကို ဖြတ်သွားတဲ့ မြေစာသယ်ကားတွေကို လမ်းခုလတ်ကနေ စောင့်ဆိုင်းပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

မြင့်မားစွာစုပုံထားတဲ့ မြေစာပုံတွေ၊ မြေစာပုံစွန့်ပစ်မှုတွေကြောင့် တိမ်ကောလာနေပြီဖြစ်တဲ့ ချောင်းတွေ၊ မြေစာပုံ ပြိုကျမှုတွေနဲ့ ပတ်သက်တဲ့ ဗီနိုင်းဓါတ်ပုံတွေကို စိုက်ထူပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ က လူ တစ်ရာကျော် သေဆုံးခဲ့ပြီး အခု ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းကလည်း မြေစာပုံတွေ ပြိုကျတာကြောင့် လူသေဆုံးမှုတွေရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org