ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့် သုံးလရပ်နား


2019.06.15
hpakant-622.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကို မိုးတွင်း သုံးလ လုပ်ငန်းရပ်နားထားဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပထမဆုံးအကြိမ် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ သုံးလကြာ လုပ်ငန်းရပ်ဆိုင်းထားဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးရုံး အစည်းအဝေးဆုံးဖြတ်ချက်အရ ပေးပို့တဲ့ ညွှန်ကြားစာကို မနေ့က ရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က RFA ကို အတည်ပြုပြောဆိုပါတယ်။

အဲဒီညွှန်ကြားချက်ကို ပြည်ထောင်စုအဆင့်ကနေ ကုမ္ပဏီတွေကို တိုက်ရိုက်ပေးပို့လိုက်တာဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို အသိပေးတဲ့ပုံစံသာဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ အန္တရာယ်ရှိတဲ့နေရာတွေကို သတိပေး ပိုစတာတွေ စိုက်ထူထားကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ကုမ္ပဏီအများစုဟာ မိုးတွင်းကာလမှာ လုပ်ငန်းရပ်နားလေ့ရှိကြောင်းနဲ့ ကုမ္ပဏီအားလုံး လုပ်ငန်းရပ်နားထားဖို့ ပြည်ထောင်စုက ညွှန်ကြားချက်ဟာ ဒီနှစ်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဦးဖုန်ဂမ်ရိန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ပွင့်လင်းရာသီမှာ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ မြေစာပုံပြိုကျတာ၊ နွံကန်ပြိုကျတာတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

လူထိခိုက်သေဆုံးမှု အများဆုံးကတော့ ဧပြီလ ၂၂ ရက်နေ့ညက မှော်ဝမ်းကြီးအနီးမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက် ကျင်းဟောင်း နွံကန်ပေါက်ကျတာကြောင့် ကျောက်တူးဖော်ရေးလုပ်သား ၅၄ ဦး ထိခိုက်သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပဲဖြစ်ပါတယ်။ အဲဒီ နွံကန်ပြိုကျပြီးနောက်ပိုင်း အန္တရာယ်ရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တချို့ကို လုပ်ကိုင်ခွင့်ပိတ်ပင်တာတွေလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။