ဖားကန့်မြို့နယ်က အခွန်ဦးစီးမှူးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အခွန်ဦးစီးမှူးဟာ အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုပြီး ကော်မရှင်ကို တိုင်ကြားခဲ့ရာမှာ စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဌာနပြောင်းရွှေ့တဲ့ အရေးယူမှုသာ ပြုလုပ်ခဲ့တာဟာ အားနည်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဦးဆောင်တိုင်ကြားသူ ဒေါ်ရွှေကြည်က ဒီနေ့ မန္တလေးမြို့ မီဒီယာစင်တာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခွန်ဦးစီးမှူး အဂတိလိုက်စားတာကို ကြားထဲကနေ ညှိပေးရလို့ သိခဲ့ရတဲ့အတွက် တိုင်ကြားခဲ့တာဖြစ်ကြောင်း တိုင်ကြားသူ ဖားကန့်မြို့က တော်ဝင်ပန့်ဆိုင်က ဆိုင်ပိုင်ရှင် ဒေါ်ရွှေကြည်က ပြောပါတယ်။
တိုင်ကြားခံခဲ့ရတဲ့ အခွန်ဦးစီးဌာနမှူး ဒေါ်မျိုးမျိုးဝင်းက သူ့ကို မြစ်ကြီးနား အခွန်ရုံးကို ပြောင်းရွှေ့ခံထားရတယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။
လက်ရှိမှာတော့ တိုင်ကြားခဲ့တဲ့ ဒေါ်ရွှေကြည်ကို ဒေါ်မျိုးမျိုးဝင်းက တရာလိုပြုလုပ်ပြီး ဝတ္တရား နှောက်ယှက်မှု၊ ရာဇဝတ်မကင်းတဲ့ ခြောက်လှန့်မှု ဆိုတဲ့ ပုဒ်မတွေနဲ့ ဖားကန့်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အခွန်ဦးစီးမှူး ဒေါ်မျိုးမျိုးဝင်း ဟာ အခွန်ဦးစီးရုံးက ထုတ်ပေးတဲ့ မှတ်ပုံတင်ခွင့်ပြုကြောင်း လတ်မှတ်ထုတ်ပေးဖို့ ငွေကြေးကောက်ခံရာမှာ အစိုးရက သတ်မှတ်ထားတဲ့နှုန်းထက် ပိုမိုကောက်ခံခဲ့တယ်ဆိုပြီး ဖားကန့်ဒေသခံ ၁၀ ဦးက လတ်မှတ်ရေးထိုးကာ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၈ ခုနှစ်က တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
အခွန်ဦးစီးမှူး အဂတိလိုက်စားတာကို ကြားထဲကနေ ညှိပေးရလို့ သိခဲ့ရတဲ့အတွက် တိုင်ကြားခဲ့တာဖြစ်ကြောင်း တိုင်ကြားသူ ဖားကန့်မြို့က တော်ဝင်ပန့်ဆိုင်က ဆိုင်ပိုင်ရှင် ဒေါ်ရွှေကြည်က ပြောပါတယ်။
"၂၀၁၆ ခုနှစ် သူ ဖားကန့်ကို ရောက်တဲ့အချိန်ကစပြီး သူက ကျွန်မကို ဖုန်းဆက်ခေါ်ပါတယ်။ လာတွေ့ပါ။ ဒီလူတွေကို ကူညီပြီး ညှိပေးပါလို့ ပြောပါတယ်။ နိုင်ငံတော်ကို လုံးဝအခွန်မဆောင်ပဲနဲ့ သူ့ကိုပဲ ပေးရတာ။ ပေးရတဲ့ငွေက အဂတိနဲ့ ငြိစွန်းပါတယ်။ သူတစ်ယောက်ထဲပဲ အခွန်ကို ဖျောက်ပစ်လိုက်တာပါ။ တကယ်လို့ စီးပွားဘဏ္ဍာကို စစ်လိုက်ရင်ပေါ်ပါတယ်။ ကသခ (၂) စာရွက်တစ်စောင်ထုတ်ပေးတိုင်း ၁၅၀၀၀ ကနေ ၅၀၀၀၀ ထိ ကောက်ပါတယ်။ သွားစစ်တဲ့အခါမှာလည်း ပေါ်ပါတယ်။ မပေါ်ဘူးလို့ ငြင်းထားတာ တစ်ခုမှမရှိဘူး"
သူမအနေနဲ့လည်း ၂၀၁၆ ခုနှစ်အတွင်းမှာ ပေးဆောင်ရမယ့် အခွန်က ငွေကျပ် ငါးသိန်း ငါးသောင်း ဖြစ်ပေမယ့် လာဘ်ငွေ အနေနဲ့ ကျပ် လေးသိန်း ကို တောင်းခံခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနားအခွန်ရုံးကို ပြောင်းရွှေ့ခံထားရတယ်လို့ တိုင်ကြားခံရသူ အခွန်ဦးစီးဌာနမှူး ဒေါ်မျိုးမျိုးဝင်းက RFA ကိုပြောပါတယ်။
"ကျွန်မတို့ဆီမှာလည်း စစ်ဆေးရေး ဝင်ပြီးပြီ၊ စစ်ဆေးချက်တွေလည်း ရှိတယ်။ ပြောင်းတယ် မပြောင်းဘူးဆိုတာ ဌာနဆိုင်ရာက တရာဝင် အမိန့် တစ်စုံတစ်ရာ မထွက်သေးတဲ့အတွက် ယာယီအပြောင်းပဲ ရှိသေးတယ်။ အရေးယူမှုတွေ ရှိသေးတယ်ပေါ့နော်။ လောလောဆယ်ပြောချင်တာက သူက ဝရမ်းပြေးလေ၊ အခုချိန်ထိ ဖားကန့်ရုံးမှာလာပြီး တရားရင်ဆိုင်တာ မရှိသေးဘူး။ ဝရမ်းပြေးဖြစ်နေသေးတဲ့အခါကျတော့ ကျွန်မတို့ဆီမှာ အမှုကဆက်လက်ပြီးတော့ စစ်ဆေးနေရဆဲပဲ။ ဌာနဆိုင်ရာက လုပ်ခိုင်းတဲ့အတွက်ကိစ္စကို လုပ်တဲ့အတွက်မို့ အခုလိုဖြစ်တာပါ"
အဲဒီလို တိုင်ကြားခဲတဲ့ ဒေါ်ရွှေကြည်ကို အခွန်ဦးစီးမှူး ဒေါ်မျိုးမျိုးဝင်း က တရာလိုပြုလုပ်ပြီး ဝတ္တရားနှောက်ယှက်မှုနဲ့ ရာဇဝတ်မကင်းတဲ့ ခြောက်လှန့်မှု ဆိုတဲ့ ပုဒ်မတွေနဲ့ ဖားကန့်ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
အခုလိုအမှုဖွင့်ခဲ့တာဟာ အဂတိကို တိုင်ကြားမှု မလုပ်ခင် နေပြည်တော် အခွန်ဦစီးရုံးကို ဖုန်းဆက်ပြီး တိုင်ကြားလိုက်တဲ့နောက်မှာ အမှုဖွင့်လိုက်တာဖြစ်ပြီး ဒီနေ့အထိတော့ အမှုနဲ့ပတ်သက်ပြီး အကြောင်းကြားတာ မရှိသေးဘူးလို့ ဒေါ်ရွှေကြည်က ပြောပါတယ်။
"တရားစွဲဆိုတာ လုံးဝမသိခဲ့ဘူး။ ဖားကန့်မြို့နယ်ရဲစခန်းနဲ့ တရားရုံးက ဆင့်ခေါ်စာ တစ်ကြိမ်တစ်ခါမှ မပေးပို့ပါဘူး။ ဒီလိုမသိလို့ ကျွန်မ မြန်မာနိုင်ငံထဲမှာလည်း ဒီလိုပဲသွားနေသလို နိုင်ငံခြားတောင် ထွက်ထားပါတယ်။ ကျွန်မ ပတ်စပို့ကို စစ်လို့ရပါတယ်။ အမှန်တိုင်းပြောခဲ့တာပါ။ တစ်မြို့လုံးကို ပြောင်ပြောင်တင်းတင်း လိုက်စားနေတာကို အမှန်တိုင်း ပြောဆိုရုံတစ်ခုနဲ့ ကျွန်မဘက်က ပေးဆပ်ရတာ တော်တော်လေးများနေပါတယ်"
ဒီကိစ္စနဲ့ ပတ်သက်လို့ ပြန်လည်စစ်ဆေးမှုတွေပြုလုပ်ပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း ပြီးခဲ့တဲ ရက်ပိုင်းက ထပ်မံတိုင်းကြားထားသလို သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သိရှိအောင် ထပ်မံလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒေါ်ရွှွေကြည်က ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။