ဒေါပုံမြို့နယ်မှာ လူ ၅၀ နီးပါး ဖမ်းဆီးခံရ

2021.03.23
ဒေါပုံမြို့နယ်မှာ လူ ၅၀ နီးပါး ဖမ်းဆီးခံရ ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ မတ် ၂၃ ရက် မနက်ပိုင်းက ရဲနဲ့စစ်သားတွေ ရပ်ကွက်နေပြည်သူများကို ဖမ်းဆီးစဥ်။
Photo: Citizen Journalist

ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ မတ် ၂၃ ရက် ဒီကနေ့ မနက်ပိုင်းက ရဲနဲ့စစ်သားတွေ ရောက်လာပြီး ရပ်ကွက်နေပြည်သူ ၅၀ နီးပါးကို ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဘာကြောင့် ဖမ်းဆီးသွားသလဲ၊ ဘယ်သူတွေ အဖမ်းခံရသလဲဆိုတာကို အတိအကျ မသိရသေးဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။

မနေ့ နက်ပိုင်းက ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် အုပ်ချုပ်ရေးရုံးကို ရဲတပ်ဖွဲ့ဝင်တချို့ ရောက်လာပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုး ကို ရပ်ကွက်ဥက္ကဋ္ဌ အဖြစ် ခန့်ထားခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။ ညပိုင်းမှာတော့ ရပ်ကွက်နေ လူငယ်တချို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲနေချိန် ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးလောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီအချိန်မှာပဲ ရဲနဲ့ စစ်သားအင်အား ၅၀ ကျော် ရောက်ရှိလာပြီး ညသပိတ်ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် လူငယ်တစ်ဦး လက်မောင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

နောက်တစ်ရက် မနက် ၆ နာရီလောက်မှာတော့ နွယ်အေးရပ်ကွက်ထဲကို ရဲနဲ့ စစ်သား အများအပြားရောက်လာပြီး လူ အတော်များများကို ဖမ်းဆီးသွားတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ညသပိတ်မှာ ကိုယ်တိုင်ပါဝင်ခဲ့သူ အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးကလည်း “နေ့လယ်ပိုင်းမှာ ရဲတွေ ဒုတိယအကြိမ် ထပ်ရောက်လာပြီး နောက်ထပ် လူတချို့ကို ထပ်ဖမ်းသွားတယ်၊ စုစုပေါင်း အဖမ်းခံရသူ လူ ၅၀ နီးပါး ရှိနိုင်တယ်”လို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။