ကဗျာဆရာ အဖွဲ့ရဲ့ခရမ်းရောင် ဖဲကြိုးလှုပ်ရှားမှု စတင်

ဝန်ကြီးဌာနတွေမှာ တပ်မတော်က အရာ ရှိတွေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တာကို ကန့်ကွက်တဲ့ ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှုကို ပျဉ်းမနားအလယ်ရိုးမ ကဗျာဆရာအဖွဲ့က ဒီကနေ့ နေပြည်တော်မှာ စတင်လိုက် ပါတယ်။

ပျဉ်းမနားမြို့က ကဗျာဆရာ၊ စာရေးဆရာတွေ စက်တင်ဘာလ ၁၉ ရက်နေ့က ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှုကို စတင်နေစဉ် Photo: Win Naung Toe/ RFA

ဝန်ကြီးဌာနတွေမှာ တပ်မတော်က အရာရှိတွေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တာကို ကန့်ကွက်တဲ့ ခရမ်းရောင် ဖဲကြိုးလှုပ်ရှားမှုကို ပျဉ်းမနားအလယ်ရိုးမ ကဗျာဆရာအဖွဲ့က  ဒီကနေ့ နေပြည်တော်မှာ စတင်လိုက်ပါတယ်။

တစ်နိုင်ငံလုံးက ကဗျာဆရာတွေနဲ့ စာရေးဆရာတွေ ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှုမှာ ပါဝင်ကြပြီး သက်တန့်ရောင် လှုပ်ရှားမှုကို စတင်ဖို့ တိုက်တွန်းကြောင်း ပျဉ်းမနားမြို့က ကဗျာဆရာ မောင်ကြူးရင့် က ပြောပါတယ်။

"အခု ၂ဝ၁၅ ရွေးကောက်ပွဲအပြီးကာလကို ကြိုတင်တွက်ချက်ပြီး တက်လာမယ့်အစိုးရကို ဌာနအသီးသီးက စစ်အနွယ်၊ ထိပ်တန်းအရာရှိကြီးတွေနဲ့ ဝိုင်းဝန်း အကျပ်ကိုင်ပြီး ထပ်မံ ကြံစည်လာတယ်လို့ ယူဆတဲ့အတွက် ဒီလုပ်ရပ်ကိုဆန့်ကျင်တဲ့အထွေထွေဖဲကြိုးရောင်စုံ လှုပ်ရှားမှုကြီးထဲမှာ ပါဝင်ဖို့ ကျနော်တို့ဆုံးဖြတ်လိုက်ပါ တယ်၊ နိုင်ငံရဲ့နယ်ပယ်အသီးသီးပေါ် အထွေထွေစစ်တပ်သွင်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ခရမ်းရောင်ဖဲကြိုးလှုပ် ရှားမှုကို စတင်ဆင်နွှဲလိုက်ပါပြီ၊ တစ်နိုင်ငံလုံးက စာရေးဆရာတွေ၊ ကဗျာဆရာတွေ အားလုံးစုစည်းပါဝင်ကြဖို့ တိုက်တွန်းအပ်ပါတယ်"

ပျဉ်းမနားမြို့က ကဗျာဆရာ စာရေးဆရာ ၁၅ ယောက်လောက်ဟာ ပျဉ်းမနားမြို့က Rain လက်ဖက်ရည်ဆိုင်မှာ စုဝေးကြပြီး ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှုကို စတင်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်ကစပြီး ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ တောင်ကြီးနဲ့ မြို့တချို့မှာ ရှေ့နေတွေ ဆရာဝန်တွေ လျှပ်စစ်ဝန်ကြီးဌာန ဝန်ထမ်းတချို့က တပ်မတော်က အရာရှိတွေကို ဌာနဆိုင်ရာတွေမှာ ထိပ်ပိုင်း တာဝန်တွေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတာကို ကန့်ကွက်လိုက်ကြတာ ဖြစ်ပါတယ်။

ဖဲကြိုးအရောင်စုံလှုပ်ရှားမှုတွေပေါင်းပြီး သက်တန့်ရောင်လှုပ်ရှားမှုဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ဦးဆောင် သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org