ဖဲကြိုးဝါ လှုပ်ရှားမှု ကော့သောင်းမြို့အထိ ဆက်လက်ပျံ့နှံ့
2015.09.22

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ တပ်မတော်အရာရှိဟောင်းတွေကို အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်လိုက်တာကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်က ရှေ့နေတွေက ဖဲကြိုးအဝါတွေ တပ်ဆင်ပြီး ကန့်ကွက်နေကြပါတယ်။
အဲဒီလိုခန့်အပ်ထားတာကို မကျေနပ်တဲ့အတွက် ဆန့်ကျင်ကန့်ကွက်တာဖြစ်တယ်လို့ ဖဲကြိုးအဝါလှုပ်ရှားမှုမှာပါဝင် တဲ့ ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောပါတယ်။
"တခြားမြို့တွေမှာလုပ်သလို တရားစီရင်ရေးဌာနတွေမှာ တပ်မတော်ကနေပြီးတော့ တရားစီရင်ရေးအရာရှိ အဖြစ် ရောက်လာတဲ့အပေါ်မှာ ကျနော်တို့က သဘောမတူဘူး၊ ကန့်ကွက်တယ်ဆိုတဲ့ဟာကို ပြတာ ပါ၊ နောက်တစ်ခုက တောင်းဆိုထားတဲ့ဟာကို မရမချင်း ကျနော်တို့က လုပ်သွားမယ်ခင်ဗျ၊ ကျနော်တို့က တစ်လ၊ နှစ်လ သတ်မှတ်တာမဟုတ်ဘဲနဲ့ ကျန်တဲ့တခြားမြို့က ရှေ့နေအဖွဲ့တွေ သူတို့တောင်းဆိုထားတဲ့ဟာ လိုတာရတဲ့အချိန်အထိ ကျနော်တို့လုပ်မှာပါ"
အဲဒီလှုပ်ရှားမှုကို ကော့သောင်းမြို့နယ် တရားရုံးနဲ့ ခရိုင်တရားရုံးမှာ ရှေ့နေ ၂၀ နီးပါး ပါဝင်ခဲ့ပါတယ်။ ဖဲကြိုး အဝါတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့ကစပြီး လုပ်ငန်းခွင်ထဲမှာ တပ်ဆင်ဖို့ ရှေ့နေတွေထံ ဖြန့်ေ၀ ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီလိုလှုပ်ရှားမှုတွေကို နေပြည်တော်၊ ပြည်၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ လားရှိုးနဲ့ စစ်တွေမြို့တို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။အခုလို တပ်မတော် အငြိမ်းစားအရာရှိတွေကို အရပ်ဘက် ဝန်ကြီးဌာနတွေမှာ အဆင့်မြင့်ရာထူးတွေ ခန့်အပ်လိုက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ဖဲကြိုးတပ်လှုပ်ရှားမှုတွေ ဒီရက်ထဲ ဆက်တိုက်ပေါ်ပေါက်လာနေတဲ့အပေါ် နိုင်ငံရေးခေါင်းဆောင်တွေ ဘယ်လိုရှုမြင်ကြဆိုတာ RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။