ကမ္ဘာ့ဆရာများနေ့မှာ ဖဲကြိုးစိမ်းလှုပ်ရှားမှု စတင်


2015.10.05
green-ribbon-620.JPG အောက်တိုဘာလ ၅ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ ဖဲကြိုးစိမ်းလှုပ်ရှားမှု စတင်စဉ်
Photo: Hset Paing Toe/RFA

ပညာရေးဦးစီးဌာနမှာ တပ်မတော်က အငြိမ်းစားယူထားသူတွေကို ထိပ်ပိုင်းရာထူးတွေမှာ တာဝန်ချထားပေးတာကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားမှာ ဖဲကြိုးစိမ်းလှုပ်ရှားမှု စတင်လိုက်ပါတယ်။

မန္တလေးမြို့ Oriental House ခန်းမမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။ ပညာရေးဦးစီးဌာနမှာ တပ်မတော်က အရာရှိတွေကို မခန့်ထားဘဲ ကျွမ်းကျင်တဲ့ ဆရာ ဆရာမတွေကိုသာ ခန့်အပ်ပေးစေချင်တယ်လို့ မြန်မာနိုင်ငံဆရာ ဆရာမများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဆရာဦးသုတ က ပြောပါတယ်။

"ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ပတ်သက်ရင် ပညာရေးဝန်ကြီးဌာနအောက်မှာ သူ့ဦးစီးဌာနတွေရှိပါတယ်၊ ဥပမာ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနပေ့ါနော်၊ အဲ့ဦးစီးဌာနတွေကို အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ကြည့်လိုက်မယ်ဆိုရင် အမြဲတမ်း တပ်ကပြောင်းလာတဲ့ ပုဂ္ဂိုလ်တွေပါ၊ ကျနော်တို့ ဆရာ ဆရာမ စစ်စစ်တစ်ယောက် ၈၈ နောက်ပိုင်းမှာ တစ်ယောက်မှ ခန့်ထားခြင်းမရှိပါဘူး၊ အဲ့ဒါကြောင့် ကျနော်တို့ အစိမ်းရောင်လှုပ်ရှားမှုကို ဒီနေ့ပွဲမှာလုပ်တာပါ"

အခမ်းအနားကို ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ၂၀၀ လောက် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူတွေက ဖဲကြိုးစိမ်းလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ မကွေး၊ ပခုက္ကူ စတဲ့ မြို့နယ်တွေမှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းကစပြီး ပညာရေးဦးစီးဌာနတွေမှာ တပ်မတော်က အငြိမ်းစားယူထားသူတွေကို အဆင့်မြင့်ရာထူးတွေမှာ နေရာချထားပေးတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေကို ပြန်လွှတ်ပေးဖို့လည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့မှာ အဖွဲ့ဝင် ဆရာ ဆရာမ ၄ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်နိုင်ဦး ကို မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။