မြန်မာ့တပ်မတော်က ညှဉ်းပန်းနှိပ်စက်ခဲ့သူ ငါးဦးအမှု ကြန့်ကြာနေ

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.03.26

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဧပြီလက ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်ဆိုပြီး တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အရပ်သား ငါးဦးကို အကြမ်းမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲဆိုထားတဲ့အမှုဟာ မနေ့ကအထိ လိုပြသက်သေတွေကို ပြီးစီးအောင်မစစ်သေးဘဲ ကြန့်ကြာနေပါတယ်။

ဒီအမှုကို စစ်တွေခရိုင်တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့ပေမယ့် သက်သေနှစ်ဦး မလာရောက်နိုင်တဲ့အတွက် ကော်မရှင်နာနဲ့ စစ်ဆေးဖို့ စီစဉ်နေတယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

“ဒီနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေ နှစ်ဦးက လာပြီးတော့ သက်သေမခံနိုင်ဘူးဆိုလို့ တရားရုံးရဲ့ ကော်မရှင်နာနဲ့စစ်ဖို့ ခိုင်းထားတယ်ပေ့ါလေ။ ဒီတရားရုံးကို သက်သေတွေလာဖို့ အခက်အခဲရှိတာပေ့ါ။ တခြားနေရာတွေကို ပြောင်းသွားတယ်ဆိုတော့။ အဲဒါကြောင့် သူတို့ကိုတော့ ကော်မရှင်နာနဲ့ စစ်မယ်ပေါ့။ ကော်မရှင်နာနဲ့ စစ်ဖို့အတွက် လုပ်ထားတယ်ပေ့ါလေ”

တရားလိုနဲ့လိုပြသက်သေ ကိုးဦးအနက် ခုနစ်ဦးကို စစ်ဆေးထားပြီးဖြစ်ပေမယ့် အခုကော်မရှင်နာနဲ့ စစ်ဆေးဖို့ ဆောင်ရွက်နေတဲ့ သက်သေနှစ်ဦး ကျန်ရှိနေတာပါ။

ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ပုဏ္ဏားကျွန်းမြို့ပေါ် အလယ်စုရပ်ကွက်က ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက ကိုကျော်ဝင်းဟိန်းတို့ကို ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့ပြီး တပ်မတော်ရေယာဉ်ပေါ်မှာ ဝိုင်းဝန်းနှိပ်စက်ခဲ့ကြတာပါ။

ဖမ်းဆီးထားသူတွေကို ရိုက်နှက်နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်ဟာ မေလ ၁၀ ရက်နေ့မှာ လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် တပ်မတော်ကလည်း သူတို့နှိပ်စက်တာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ကိုပြန်လွှတ်မပေးဘဲ ခလရ ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့နဲ့ မေလ ၂၂ ရက်နေ့က အမှုဖွင့်ခဲ့တာပါ။

အမှုရင်ဆိုင်နေရသူ ငါးဦးထဲက ကိုညီညီအောင်ရဲ့မိခင် ဒေါ်နီနီက တပ်မတော်သားတွေက နှိပ်စက်ခဲ့တဲ့ ဒဏ်ရာတွေကို ဆေးရုံတက်ပြီး ကုသခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။

“ရဲစခန်းကိုရောက်လာတဲ့အခါက နားရွတ်ကဒဏ်ရာတွေ ဓားနဲ့လှီးတာတွေ ဘလိပ်ဓားနဲ့လှီးတာတွေ ပြီးတော့ ညာဘက်ပေါင်မှာလည်း သံစူးကိုမီးဖုတ်လို့ ထိုးတဲ့ဒဏ်ရာလည်းရှိတယ်။ အဲဒါတွေကိုကုသဖို့ ဆေးရုံကို မတင်လိုက်ရဘူး။ အမှတ် ၁ ရဲစခန်းမှာဆိုရင်လည်း ဆေးပဲပေးရတယ်။ ဆေးရုံကို မတင်ရဘူး။ ခေါင်းတွေမူးရင်တောင်မှ ဆေးခန်းမပြရဘူး။ ပြခွင့်လည်း မပေးဘူး”

အပြစ်မရှိတဲ့လူငယ်တွေကို စစ်သားတွေက နှိပ်စက်ခဲ့ရုံမက သူတို့ကိုပြန်လွှတ်မပေးဘဲ နှစ်နဲ့ချီပြီး ဆက်လက်အမှုရင်ဆိုင်နေရတဲ့အတွက် နစ်နာနေရတယ်လို့လည်း ကိုညီညီအောင်ရဲ့မိခင် ဒေါ်နီနီက ပြောပါတယ်။၏

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖမ်းဆီးထားတဲ့ ရွာသား ငါးဦးကို ညှဉ်းပန်းနှိပ်စက်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို အရေးယူဖို့ ခုံရုံးဖွဲ့ စစ်ဆေးနေ တယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန် တစ်နှစ်နီးပါးကြာလာတဲ့အထိ အရပ်သားတွေကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ တပ်မတော် သားတွေကို အရေးယူသလား၊ မယူခဲ့ဘူးလားဆိုတာကို တပ်မတော်က ဒီနေ့အထိ တရားဝင်ထုတ်ပြန်တာ မရှိပါဘူး။

အမှုရင်ဆိုင်နေရသူ ငါးဦးထဲက ကိုမောင်ဌေးဝင်းရဲ့ အစ်ကိုဖြစ်သူ ကိုသားကြီးက ဒီအမှုအတွက် တရားမျှတမှု လိုချင်ကြောင်းပြောပါတယ်။

“သူတို့ကို အရေးယူစေချင်တာပေါ့ဗျ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ကျေနက်မှုမရှိဘူးဗျာ။ ဘယ်လိုလို့ ကျေနက်မှာလဲ။ ကျွန်တော်တို့ ကိုယ့်ရွာ ကိုယ်ပြည်မှာ အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်း မွန်မွန် လုပ်စားနေတဲ့ဟာကို သူတို့က အကြမ်းဖက်ပြီးတော့ ဝင်ဖမ်းတာလေဗျာ။ ကိုယ့်ရွာထဲမှာ လုပ်စားနေတဲ့လူတွေကို သူတို့ကို တရားမျှတမှုဖြစ်စေချင်တယ်။ သူတို့ကို တကယ်စစ်ခုံရုံးကို တက်ပြီးတော့ အပြစ်ပေးအရေးယူစေချင်တယ်ဗျာ။ ကျွန်တော်အဲဒါကို တောင်းဆိုချင်တယ်ဗျ”

တရားလိုဖြစ်တဲ့ တပ်မတော်ဘက်က သက်သေတွေစစ်ဖို့ ကြန့်ကြာနေတာ၊ အရပ်သား ငါးဦးကို ရေယာဉ် ပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြတဲ့ တပ်တော်သားတွေကို ဘယ်လိုအရေးယူတာ ရှိသလားဆိုတာကိုသိနိုင်ဖို့ လက်ရှိ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးနေရာကို တာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်း ကို RFA က ဆက်သွယ်မေး မြန်းခဲ့ပါတယ်။

“တရားလိုသက်သေတွေက ခေါ်လို့မရတာတွေရှိနေတယ်လေ အဲဒါမှ ကြန့်ကြာတာပေါ့”

အရပ်သား ငါးဦးကို ရေယာဉ်ပေါ်မှာ နှိပ်စက်ညှဉ်းပန်းခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူခဲ့လဲဆိုတာကို မေးကြည့်တော့

“အဲဟာက တပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေရှိပါတယ်၊ အသေးစိတ် မပြောလိုပါဘူး”

စစ်တွေခရိုင်တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့တဲ့ ဒီအမှုကို လာမယ့် ဧပြီလ ၉ ရက်နေ့ကို ထပ်မံချိန်းဆို လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အချိန် ၂ နှစ်တာကာလအတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့ အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အေအေ အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယကြောင့် မြို့နယ်အသီးသီးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားရင်ဆိုင်နေရသူပေါင်း ၃၀၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံရှေ့နေတွေက ခန့်မှန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။