မြောက်ဦးက မီးဘေးဒဏ်သင့်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ငြင်းဆန်

2021.03.23

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စခန်းမှာ ဆက်မနေဘဲ နေရပ်ပြန်လိုက ပြန်လို့ရကြောင်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့တယ်လို့ စခန်းတာဝန်ခံနဲ့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေဘက်ကတော့ နေရပ်ပြန်ဖို့ ငြင်းဆန်နေကြပါတယ်။

ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရပြီး တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ လက္ကာကျေးရွာသူ ဒေါ်မလှညွန့်က ရွာမှာ အိမ်တွေမရှိတော့လို့ နေရပ်ပြန်မှာ မဟုတ်သေးဘူးလို့ပြောပါတယ်။

“အမတို့က မပြန်နိုင်ဘူး။ အမတို့ ပြန်ဖို့အတွက် အိမ်လည်းမရှိဘူး။ စစ်တပ်ကမီးရှို့လို့ အားလုံးပြာ ကျသွားပြီ။ အိမ်လည်းမရှိ၊ စားစရာလည်းမရှိ၊ နေစရာလည်းမရှိဘူး။ အခုလက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းကတဲလည်း ပြာကျသွားပြီဆိုရင် ကျွန်မတို့ ဘယ်လိုခံစားရမလဲဆိုတာ အားလုံးကိုယ်ချင်းစာ နားလည်မှာပါ။ ရွာကို ပြန်ချင်စိတ် မရှိပါဘူး။ ပြန်သွားတဲ့ အခါကျရင် အိမ်လည်းမရှိ၊ စားစရာလည်း မရှိ။ အခုစစ်ဘေးဒုက္ခသည်စခန်းက ပေးတာ ကမ်းတာလေးတွေနဲ့ မျှတအောင်ပဲ စားနေရတယ်။ အခုပြန်မယ်ဆိုရင် လွတ်လပ်ရေးကလည်းမရသေးဘူး။ အမတို့ပြန်ရင် ဘယ်နေ့ ဘာဖြစ်လာမယ်ဆိုတာကိုလည်း အမတို့ပြည်သူတွေကမသိဘူး”

တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းမှာ မတ်လ ၁၇ ရက်နေ့ည ၈ နာရီလောက်က ပေါ့ဆမီးကြောင့် မိသားစုတွေ နေထိုင်တဲ့ အခန်းပေါင်း ၈၇၅ ခန်းထဲက ၆၆၃ ခန်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးဘေးသင့် စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်ဟာ တိမ်ညိုကျေးရွာဘုန်းကြီးကျောင်းဝင်းထဲမှာ တာပေါ်လင် စတွေနဲ့ ယာယီတဲတွေထိုးပြီး နေထိုင်နေကြရပါတယ်။

စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၈ ရက်နေ့က တိမ်ညိုကျေးရွာမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ဒုက္ခသည်တွေနေရပ်ကိုပြန်မယ်ဆိုရင် ရိက္ခာတစ်လစာနဲ့ ပျက်စီးသွားတဲ့ အိမ်တွေကိုပြန်လည် ပြုပြင်ပေးသွားမှာဖြစ်ပြီး မိုင်းရှင်းလင်းရေးကိုလည်းသူတို့တာဝန်ယူပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေဘက်က မိုင်းနဲ့မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းအန္တရာယ်တွေအပြင် ရပ်ရွာတွေအနီးမှာ စစ်ကြောင်း လှုပ်ရှားမှုရှိနေတာတွေအတွက် ယုံကြည်စိတ်ချနိုင်တဲ့ အာမခံချက်တွေပေးဖို့ လိုကြောင်း ဒေသခံတွေကပြောပါတယ်။

မီးဘေးသင့် စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ပေါက်ပင်ကွင်းကျေးရွာက ဒေါ်သာနုဖြူက မိုင်းအန္တရာယ်တွေအတွက် အာမခံချက်မရှိသေးလို့ မပြန်သေးတာလို့ပြောပါတယ်။

“တောတောင်တွေမှာ မိုင်းတွေမြှုပ်လို့ရှိတယ်။ တပ်မတော်သားတွေမြှုပ်တာလား။ ဘယ်သူလာမြှုပ် လဲဆိုတာလည်း မသိဘူး။ တောတောင်တွေကို ဟင်းသီးဟင်းရွက်တွေ ရှာဖို့ပဲသွားသွား၊ သစ်ဝါးခုတ်ဖို့ ပဲသွားသွား သွားတဲ့အချိန်မှာ မိုင်းကွဲလို့သေကြ တယ်။ ကျွဲနွားတွေလည်းသေတယ်။ လူလည်းသေ တယ်။ အဲဒါတွေကို ကြုံတွေ့နေရတဲ့အတွက် ကျွန်မတို့ဟာ ကိုယ့်ရွာကိုမသွားရဲဘူးဖြစ်နေပါတယ်”

မီးဘေးသင့် စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ပေါက်ပင်ကွင်းကျေးရွာ ဒေါ်ဦးသန်းယဉ်ကလည်း ရပ်ရွာတွေအနီးမှာ တပ်ရှိနေသေးရင် နေရပ်ပြန်မှာမဟုတ်သေးဘူးလို့ ပြောပါတယ်။

“ကျွန်မတို့ အခက်အခဲကြုံရမှာကတော့ အဲဒီတောင်ပေါ်မှာစခန်းနေတဲ့ စစ်သားတွေက ကျွန်မတို့ကို ရေခပ်ဖို့လည်း မသွားရဘူး။ ရေခပ်ဖို့ သွားရင်လည်း ကျွန်မတို့ကို တောင်ပေါ်ကနေပြီး ပစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့က အဲဒီနေရာကို မသွားရဲဘူး။ ကျွန်မတို့က ရခိုင်ပြည်လွတ်လတ်ရေးရမှ ရွာပြန်တော့မယ်”

ဒုက္ခသည်တွေက နေရပ်ပြန်ဖို့ငြင်းဆန်နေကြတာကြောင့် မီးလောင်ဆုံးရှုံးခဲ့တဲ့ မူလစစ်ဘေးဒုက္ခသည် စခန်းနေရာမှာပဲ ဒုက္ခသည်တွေအတွက် တဲအိမ်တွေ အသစ်ပြန်ဆောက်ပြီး နေရာချထားဖို့ စီစဉ်နေတယ်လို့ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးစိုးနိုင်ကပြောပါတယ်။

“သူတို့ပြောတဲ့အတိုင်းဆိုရင် မပြန်ဘူး။ ဘာပဲဖြစ်နေနေ ဒီမှာပဲနေမယ်။ ဒီမှာပဲနေမယ်ဆိုရင် ကျွန်တော်တို့က နေရာပေးရတော့မယ်။ အဲဒါကြောင့် ကျွန်တော်တို့ မနေ့ကပဲ ကျွန်တော်တို့ ကော်မတီက ဆုံးဖြတ်ပါတယ်။ အဲဒီ မီးလောင်မြေမှာပဲ ကျွန်တော်တို့ရှင်းလင်းပြီးရင် ယာယီတဲတွေ လုပ်ပေးထားမယ်။ အဲဒီအတွက် တဲတစ်လုံးကို တန်ဖိုး ၂ သိန်း ကျပ်နှုန်း သတ်မှတ်ပါတယ်။ ဒီထက်ပိုရင်လည်း ပိုမယ်။ သို့သော် အလှူရှင်တွေသိအောင် ကျွန်တော်တို့က အဲဒီလိုမျိုး ထုတ်ပြန်ပေးမယ်”

ဒုက္ခသည်တွေအတွက် တဲအိမ်အသစ်တွေကို မကြာမီရက်ပိုင်းအတွင်း စတင်ဆောက်လုပ်ဖို့ စီစဉ်နေတယ် လို့လည်း ဦးစိုးနိုင်ကပြောပါတယ်။

မီးဘေးသင့်စစ်ဘေးဒုက္ခသည်တွေမှာ အိုးခွက်ပန်းကန်တွေကအစ အားလုံးဆုံးရှုံးခဲ့ရတာကြောင့် လက်ရှိနေရာမှာ ဆက်နေပြီး ချက်ပြုတ် စားသောက်ဖို့ အိုးခွက်ပန်းကန်တွေ အကူအညီလိုအပ်နေတယ်လို့ မီးဘေးသင့် စစ်ဘေးဒုက္ခသည် တစ်ဦးဖြစ်တဲ့ ဒေါ်မအေးတင်ကပြောပါတယ်။

“ဆုံးရှုံးသွားတာက ကျွန်မတို့မှာ ရှိသမျှပစ္စည်းတွေ အကုန်လုံး ဆုံးရှုံးသွားပါတယ်။ ကျွန်မတို့ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးလာပြီးတော့ အဲဒီမှာနေရပါတယ်။ အခုမီးလောင်သွားတော့ ဘာမှမရှိတော့ ပါဘူး။ အကုန်လုံး ပါသွားပါတယ်။ အခုလောလောဆယ်တော့ ကျွန်မတို့ သူများတွေဆီက လှူတဲ့ ထမင်းကို စားနေရပါတယ်။ ကျွန်မတို့မှာအခု အိုးတွေ၊ ခွက်တွေမရှိသေးလို့ ချက်ဖို့ပြုတ်ဖို့ အဆင်မပြေသေးလို့ပါ”

မီးဒဏ်သင့်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်လိုကပြန်ဖို့ပြောပေမယ့် နေရပ်ပြန်ဖို့ ငြင်းဆိုနေကြတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းဟာ တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ လက္ကာ၊ ပေါက်တောပြင်၊ ပေါက်ပင်ကွင်း၊ ဝေသာလီစတဲ့ ကျေးရွာတွေအပါအဝင် မြောက်ဦးမြို့နယ်က ကျေးရွာပေါင်း ၁၃ ရွာက ဒုက္ခသည် ၃၃၀၀ ကျော်ခို လုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခြောက်သောင်းနီးပါး (၁၅၈၁၀၀) ရှိနေပြီး စခန်းပြင်ပက နီးစပ်ရာဆွေမျိုးတွေအိမ်မှာနေထိုင်တဲ့ ဒုက္ခသည်တွေက နေရပ်ပြန်တာရှိပေမယ့် စခန်းထဲမှာ ရှိနေတဲ့ဒုက္ခသည်တွေကတော့ နေရပ်ပြန်တာမရှိသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။