သတင်းထောက် နှစ်ဦးကို လွှတ်ပေးဖို့ ကုလအတွင်းရေးမှူးချုပ်၊ ဗြိတိန်ဝန်ကြီးနဲ့ ဥရောပဥက္ကဌ ပြောကြား

ရိုက်တာသတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦး ဖမ်းဆီးခံရတာဟာ မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့် တစ်နေ့တခြား လျော့နည်းကျဆင်း လာနေတာကို ပြသတဲ့လက္ခဏာပဲလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က ပြောလိုက်ပါတယ်။

ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို တွေ့ရစဉ် Photo: MPA and Min Thein Aung/RFA

ရိုက်တာသတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး တို့ကို အစိုးရလုံခြုံရေးအက်ဥပဒေနဲ့ ဒီဇင် ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က လူသားအမြောက်အများရဲ့ ကြေကွဲဖွယ်အဖြစ်ဆိုးကိုတင်ပြတဲ့ သတင်းထောက် နှစ်ဦး အခုလို ဖမ်းဆီးခံရတာဟာ မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့် တစ်နေ့တခြား လျော့နည်းကျဆင်းလာနေတာ ကို ပြသတဲ့ လက္ခဏာပဲလို့ မနေ့က ပြောကြားခဲ့သလို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဘောရစ် ဂျွန်ဆင်ကလည်း မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်ကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ အမှန်ပကတိဖြစ်ပျက်နေ တာတွေကို လူထုအနေနဲ့ ရယူသိပိုင်ခွင့်ရှိကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

တပြိုင်နက်မှာပဲ ဥရောပလွှတ်တော်ဥက္ကဌ Antonio Tajani အန်တိုနီယို တာ့ရာနီကလည်း လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့်ကို လေးစားတဲ့အနေနဲ့ ဒီသတင်းထောက် နှစ်ဦးကို မြန်မာအာဏာပိုင်တွေက အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ RSF ခေါ် နယ်စည်းမထား သတင်းထောက်များအဖွဲ့ကလည်း ဒီလိုဖမ်းဆီးမှုဟာ သတင်းထောက်တွေအပေါ် ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ သတင်းထောက်တွေကို ပြဿနာ ဖြစ် ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သတင်းထောက်တွေ လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်ထားကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့် ပိုမိုရရှိလာခဲ့ခြင်းမရှိပဲ ဆိုးဝါးနေဆဲ ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ကာ သူတို့ ၂ ဦးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် MJN, MJA, MJU စတဲ့ ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်း ၁၂ ခုကလည်း ပူးတွဲ ကြေညာချက် တစ်စောင်ကို ဒီဇင်ဘာ ၁၃ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ သတင်းထောက်တွေအနေနဲ့ မိမိတို့ရရှိတဲ့ သတင်းအချက် အလက်တွေအနက် နိုင်ငံတော်လုံခြုံရေးထိခိုက်နိုင်တဲ့ အချက်တွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ခြင်း မပြုသင့်ပေမယ့် သတင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သူတို့ထံက တွေ့ရှိရုံမျှနဲ့ အစိုးရ လျှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးတာကတော့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာရောက်ကြောင်း၊ ဒါဟာ  ဒီမိုကရေစီအစိုးရတရပ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း နဲ့  ဖမ်းဆီးပြီးနောက်ပိုင်း မိသားစုဝင်တွေကို ဆက်သွယ်အသိပေးခြင်းမရှိတဲ့ အတွက်လည်း စိုးရိမ်ပူပန်ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

အဲဒီ သတင်းထောက် ၂ ဦးကို အခုဘယ်မှာထားရှိ စစ်ဆေးနေသလဲဆိုတာ မသိရပါဘူး။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အကြီးအကဲ ဒု ဗိုလ်မှူးကြီး မြင့်ထွေးက စစ်ဆေးမှုတွေ မပြီးမချင်း သူတို့ရှိတဲ့နေရာကို ထုတ်ပြန်အသိပေးမှာ မဟုတ်ဘူးလု့ိ ရိုက်တာသတင်းဌာနကို ပြောဆိုကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org