သတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ချမှတ်မှု အတိုင်ပင်ခံရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ AFP ဖော်ပြ

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားစေတယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။

ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ် Photo: Aung Thain Kha/ RFA

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားစေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

သတင်းထောက်တွေရဲ့အမှုကို စစ်ဆေးနေစဉ်ကာလ တစ်လျောက်လုံးမှာလည်း အမှုနဲ့ပတ်သက်ပြီး တစ်စုံတရာ မဝေဖန် မပြောဆိုခဲ့ကြောင်းလည်း ဖေါ်ပြပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခင်မင်တဲ့ အမေရိကန် သံတမန်တစ်ဦးဖြစ်သူ Bill Richardson ကတော့ သတင်းထောက်နှစ်ဦးနဲ့ပတ်သက်ပြီး ပြောဆိုကြည့်ဖို့ ကြိုးစားခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်က ခါးခါးသီးသီး တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ပြောဆိုတာတွေမှာ ဒေါသအပြည့်ပါနေပြီး၊ သတင်းထောက်တွေကို သစ္စာဖောက် တွေလို့ ညွှန်းဆိုခဲ့တယ်လို့ Bill Richardson က AFP သတင်းကို ပြောပါတယ်။

အဲဒီနေရာမှာရှိနေခဲ့တဲ့ အငြိမ်းစား ထိုင်း သံအမတ် Kobsak Chutikul ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီအချိန်က သစ္စာဖေါက်တွေလို့ ပြောဆိုခဲ့သလား မမှတ်မိတော့ပေမယ့် အဲဒီတုန်းက Bill Richardson နဲ့ ပြောဆိုခဲ့တဲ့ အခြေအနေဟာ အလွန်ပဲ တင်းမာနေတာကြောင့် မပြောခဲ့ဘူးလို့ မဆိုနိုင်ကြောင်း ပြောပါတယ်။

Bill Richardson နဲ့ Kobsak Chutikul တို့ဟာ ရခိုင်ပြည်နယ် ပြဿနာဆိုင်ရာ နိုင်ငံတကာ အကြံပေးအဖွဲ့ဝင်တွေ ဖြစ်ကြပြီး၊ နောက်ပိုင်းမှာ နုတ်ထွက်ခဲ့ကြပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာန အယ်ဒီတာချုပ် စတီဖင် အက်ဒလာ က ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကြီးအကျယ် နောက်ပြန်ဆုတ်သွားတာဖြစ်ပြီး၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေနဲ့ အံမဝင်ဘဲ ဖြစ်နေတဲ့ အတွက် အစိုးရအနေနဲ့ အမြန်ဆုံး ပြန်လည်ပြင်ဆင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးသစ်အဖြစ် မနေ့ကမှ စတင်တာဝန်ယူလိုက်တဲ့ မစ်ချယ်ဘက်ချ်လက် ကလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်သွားခဲ့ရတယ်လို့ ပြောဆိုပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရယ်မီ ဟန့် ကလည်း သူ့အနေနဲ့ မကြာခင် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက်နှစ်ဦး ကိစ္စမေးမြန်းမယ်လို့ ပြောဆိုလိုက်သလို၊ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သတင်းလွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးမှု ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရတာဖြစ်ကြောင်း ရှုတ်ချပြောဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org