ရိုက်တာ သတင်းထောက်အမှု ပြန်လည်စစ်ဆေးဖို့ လိုကြောင်း ပြန်ဝန်ဟောင်း ဦးရဲထွဋ်ပြော
ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်းဒဏ် ၇ နှစ်ချမှတ်ခံရတဲ့အမှုမှာ နိုင်ငံတကာ ဖိအားပေးမှုတွေရှိနေပြီး အမှုတည်ဆောက်ပုံလည်း မမှန်တာကြောင့် ပြန်လည်စစ်ဆေးဖို့ လိုကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောလိုက်ပါတယ်။
-
2018-10-04 -
-
-
ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးကို ၂၀၁၈၊ ဇူလိုင် ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Htet Arkar/ RFA
ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်းဒဏ် ၇ နှစ်ချမှတ်ခံရတဲ့အမှုမှာ နိုင်ငံတကာဖိအားပေးမှုတွေရှိနေပြီး အမှုတည်ဆောက်ပုံလည်း မမှန်တာကြောင့် ပြန်လည် စစ်ဆေးဖို့လိုကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောလိုက်ပါတယ်။
သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ RSF အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ဦးရဲထွဋ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
"ဒီအမှုကစပြီးတော့ တည်ဆောက်တဲ့အချိန်ကိုက စတင်ပြီးတော့မှ ရဲမှူးမိုးရန်နိုင်ရဲ့ ထွက်ဆိုမှုတွေ ပေါ်လာတဲ့အချိန်မှာ လွဲမှားနေပြီလို့ ကျနော်တို့ပြောခဲ့တယ်၊ လွဲမှားနေတဲ့အမှု တည်ဆောက်ထားတဲ့အပေါ်မှာ ပြင်ဆင်မှုမပြုဘဲနဲ့ စီရင်ချက်ချတယ်ဆိုတာ ဘာပဲပြောပြော နိုင်ငံတကာက ပိုပြီးတော့ ဝေဖန်စရာဖြစ်တာပေါ့၊ ကျနော့်ရဲ့ အမြင်ပြောရမယ်ဆိုရင်တော့ လွှတ်ပေးတာ မလွှတ်ပေးတာထက် ဒီအမှုကို ပြန်လည်သုံးသပ်တာမျိုး ပြန်လည်စစ်ဆေးတာမျိုး အရင်ဆုံးလုပ်သင့်တယ်လို့ ကျနော်မြင်ပါတယ်"
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာလ ၁ ရက်နေ့မှာ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။
အင်းဒင်ကျေးရွာ လူသတ်မှုသတင်းကို ရယူရေးသားနေစဉ် ရဲတပ်ဖွဲ့က ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့တာလို့ တရားလိုပြသက်သေ ရဲအရာရှိက ထွက်ဆိုခဲ့တဲ့အမှုကို မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ချိန်ထိုးတဲ့အမှုအဖြစ် တကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြပါတယ်။
ထောင်ဒဏ်အပြစ်ပေးပြီးနောက်မှာတော့ ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက သူတို့ ၂ ဦးကို ပြန်လွှတ်ပေးဖိုကိုလည်း ဖိအားပေးတောင်ဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်တွင်း၊ ပြည်ပသတင်းထောက်တွေကလည်း သတင်းထောက် ၂ ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ ရှေ့နေတွေကလည်း ဒီရက်ပိုင်းအတွင်းမှာ အမှုကို အယူခံဝင်သွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။