ဧရာဝတီတိုင်းထဲမှာ စက်လှေပျက်ပြီး ရိုဟင်ဂျာ ၄၁ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာမှာ သောင်တင်နေတဲ့ စက်လှေပျက်တစ်စီးပေါ် လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၄၁ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။
ရိုဟင်ဂျာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃၂ ဦးနဲ့ ကလေးငယ် ၃ ဦး စုစုပေါင်း ၄၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
လှေပေါ် လိုက်ပါလာသူတွေထဲက ၄ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။
သူတို့တွေ ဘယ်ကလာပြီး ဘယ်ကိုသွားမှာလဲ ဆိုတာကိုတော့ RFA က မသိရသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ထွန်းရွှေကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီနေ့ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၄၁ ဦးလုံးကို ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုထဲက အထက်တန်းကျောင်း တစ်ကျောင်းမှာရှိတဲ့ ကိုဗစ်လူနာစောင့်ကြည့်ရေး စင်တာမှာ ထိန်းသိမ်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။