ဆန်ဖရန်စ္စကို မြို့တဝိုက်က မြန်မာမိသားစု ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကို မြို့တဝိုက်က မြန်မာမိသားစုတွေက ကြီးမှူးပြီး ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပရာ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ရရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
-
2012-07-08 -
-
-
ဆန်ဖရန်စစ္စကိုမြို့နားမှာ ရှိတဲ့ Newark မြို့မှာ ဈေးရောင်းပွဲတော် ကျင်းပတာဖြစ်ပြီး သီးခြားလှူဒါန်းငွေမပါဘဲ ဈေးရောင်းပွဲတော်သက်သက်က ဒေါ်လာသောင်းကျော် ရရှိတာလို့ မြန်မာအများစုနေထိုင်တဲ့ Fremont မြို့သာရေး နာရေး လူငယ်အဖွဲ့က ကိုဂျေစင်က ပြောပါတယ်။
"ဒီရခိုင်အရေးမှာပေါ့နော်၊ ကျွန်တော်တို့ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီဖို့ အတွက်ပေါ့နော်၊ အဲဒါ ဒီဆန်ဖရန်စစ္စကို ဘေး ဧရိယာမှာရှိတဲ့ မြန်မာမိသားစု အားလုံးပေါ့နော်၊ တိုင်းရင်းသားပေါင်းစုံ အားလုံးပေါင်းပြီးတော့မှ ရန်ပုံငွေရှာတဲ့ ပွဲလေး လုပ်တာပါ။ တစ်လပြည့် အထိမ်းအမှတ်လည်း ဖြစ်တယ်ပေါ့လေ။ မြန်မာပြည်ဖွား မွတ်ဆလင် မိသားစုတွေက ဒံပေါက်ရောင်းပေးတယ်။ ရခိုင်တွေ ကျတော့လည်း ရခိုင်မုန့်တီတို့၊ ကြာဆံသုတ်တို့ ဘာတို့ရောင်းပေးတာပေါ့။ ကျွန်တော်တို့တွေက လူကို အဲဒီလောက် လာမယ်လို့ မထင်ထားဘူးခင်ဗျ။ အခုလူက ၅၀၀ ကျော်လောက်လာတယ်"
မနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီထိ ဈေးရောင်းပွဲတော် ကျင်းပတာလို့ ဆိုပါတယ်။ ဆိုင်ခန်းပေါင်း ၃၀ နီးပါးက မြန်မာ-တရုတ်-အိန္ဒိယ အစားအစာတွေ ခင်းကျင်း ရောင်းချပါတယ်။ နောက်ထပ်လည်း တဦးချင်း ဒါမှမဟုတ် အဖွဲ့လိုက် သီးသန့် လှူဒါန်းမယ့် သူတွေလည်းရှိပြီး ရရှိတဲ့ ရန်ပုံငွေကို ပြည်တွင်းကို ပေးပို့မယ်ဆိုပါတယ်။
ဒီရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဆန်ဖရန်စ္စကို၊ ဒေးလီးစီးတီး၊ Berkeley, Oakland, Fremont, San Jose, Sunnyvale, Union City, Cupertino စတဲ့ မြို့တွေက မြန်မာနိုင်ငံသားတွေ လာရောက် ချီးမြှင့်အားပေး ကြတယ်လို့လည်း ပြောပါတယ်။