ဒေါ်အောင်ဆန်းစုကြည် နယူးယောက် မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က နယူးယောက်မြို့ Queens College မှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
2012.09.22

အဲဒီလိုတွေ့ဆုံရာမှာ စိတ်ဓာတ်ခွန်အား အရေးကြီးပုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိက အလေးပေး ပြောဆိုခဲ့ပါတယ်။

အကြောက်တရားနဲ့ အမုန်းတရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေကြတာမို့ ပြဿနာဖြေရှင်းတဲ့အခါ အဲဒီတရားတွေကို ကျော်လွန်ပြီး ပြဿနာရဲ့မူလဇစ်မြစ်ကို တွေ့အောင်ရှာဖို့ အရေးကြီးကြောင်း၊ အထူးသဖြင့် ပဋိပက္ခ ဖြေရှင်းတဲ့နေရာမှာ ဒီအချက် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

"အခုဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ တချို့က ကျွန်မကို မကျေနပ်ကြဘူး။ တဖက်ကို ဘာဖြစ်လို့ တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မပြောလဲ ဆိုပြီးတော့ မကျေနပ်တာ တွေရှိကြပါတယ်။ ကျွန်မကတော့ ဒီလိုပြင်းပြင်းထန်ထန် တဖက်ကိုပြောလို့ ဘာဖြစ်လာမယ်။ စဉ်းစားကြည့်ပါ။ နှစ်ဖက်စလုံးဟာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ထားလိုက်ဦး။ တဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတဖက်က ကျေနပ်မှာ မဟုတ်ဘူး။ အဲတော့ အချင်းချင်း ပဋိပက္ခတွေက ပိုပြီးတော့ကြီးသွားမယ်။ အဲတော့ ကျွန်မကနေပြီးတော့ ပြင်းပြင်းထန်ထန် မပြောလို့ မကျေနပ်ရင် မကျေနပ်ပါစေ။ ရတယ်။ ဒါပေမဲ့ ဒီပဋိပက္ခက ပိုပြီးကြီးထွားသွားမဲ့ ကိစ္စမျိုးကိုတော့ ကျွန်မ မလုပ်နိုင်ဘူး"

မိမိအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တရားဥပဒေ ဖောက်ဖျက်မှု၊ ရင်ကြားစေ့ သင့်မြတ်ရေး မလုပ်နိုင်အောင် တားဆီးမှုတွေကိုတော့ အပြင်းအထန် ကန့်ကွက်သွားမယ်လို့ ပြောဆိုပါတယ်။ ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

"နိုင်ငံခြားကိုရောက်နေတဲ့ ကျွန်မတို့ပြည်သူ ပြည်သားများဟာ ကိုယ့်နိုင်ငံကို ပြန်ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင် ဘယ်လိုပိုပြီးတော့ အဆင်ပြေအောင်၊ ဘယ်လိုပိုပြီးတော့ ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်မလဲဆိုတာကို အဓိက စဉ်းစားကြပါ။ ဘယ်လို တို့မီး၊ ရှို့မီးတွေ လုပ်မလဲဆိုတာကို မစဉ်းစားကြပါနဲ့လို့ ကျွန်မမေတ္တာရပ်ခံပါတယ်"

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ကုလသမဂ္ဂကို သွားရောက်ခဲ့ပြီး Global Citizen Award ကမ္ဘာ့နိုင်ငံသားဆုကို လက်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။