ကျောက်မြောင်းမှာ ကင်းသမားလူငယ် ၇ ယောက်ဖမ်းခံရ

2021.03.22
ကျောက်မြောင်းမှာ ကင်းသမားလူငယ် ၇ ယောက်ဖမ်းခံရ ရန်ကုန်တိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု။
Photo: RFA

ရန်ကုန် တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ထဲမှာ ရပ်ကွက်လုံခြုံရေးအတွက် ညတိုင်း ကင်းစောင့်နေတဲ့ ကင်းသမားလူငယ် ၇ ယောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ ညပိုင်းမှာ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ည ၇ နာရီလောက်က လာဖမ်းတဲ့အချိန်မှာ ဒီလူငယ်တွေဟာ ကင်းစောင့်နေတာမဟုတ်ဘဲ အိမ်မှာရှိနေချိန် လာဖမ်းသွားတာလို့ ဆိုပါတယ်။

"စစ်ကားနဲ့ ဝင်လာပြီး နာမည်စာရင်းနဲ့ လိုက်ရှာပြီးဖမ်းတာ၊ ဒီကလေးတွေက အရင်နေ့တွေမှာ ကင်းစောင့်တဲ့ကလေးတွေ၊ ဒါပေမဲ့ အခု ရပ်ကွက်တွေထဲထိ စစ်သားတွေ လှည့်သွားနေကြတော့ နောက်ပိုင်းမစောင့်တော့ဘူး၊ မစောင့်တဲ့ဟာကို နာမည်စာရင်းနဲ့ ယူလာပြီး လာဖမ်းသွားတာ" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီကနေ့ ညပိုင်း တာမွေမြို့နယ်ထဲက ရပ်ကွက်တချို့မှာ မီးပျက်နေတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဟာ ရန်ကုန်မြို့တွင်း ရပ်ကွက်တွေထဲ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ သေနတ်ပစ်ဖောက် ခြိမ်းခြောက်နေတာကြောင့် ဒေသခံပြည်သူအများစုဟာ အိမ်ပြင် မထွက်ရဲကြပါဘူး။

အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်သူတွေ၊ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ညဘက်မှာ လိုက်လံ ဖမ်းဆီးနေရုံသာမက လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။