စစ်တပ်နဲ့ရဲတို့ သေနတ်နဲ့ပစ်ခတ်ခံရလို့ တောင်ကြီးမှာ သေဆုံး ဒဏ်ရာရသူတွေရှိ
2021.03.25
ဒီကနေ့ ရန်ကုန်၊ တောင်ကြီး၊ ဘားအံ၊ ကျောက်ပန်းတောင်းနဲ့ ခင်ဦးမြို့တွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသူ လေးဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ အဲဒီမြို့တွေမှာ အဖမ်းခံထားရသူ ၉၀ ကျော်အထိရှိတယ်လို့လည်း သိရပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ ကံသာရပ်ကွက်မှာ မတ်လ ၂၅ ရက် ဒီနေ့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေ က ပတ်ခတ်မှုကြောင့် အမျိုးသားတစ်ယောက် မျက်စိကိုကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။
နောက်ထပ်တစ်ယောက်မှာလည်း ရင်ဘတ်မှာကျည်ဆံထိမှန်ခဲ့ပြီး သူတို့နှစ်ယောက်လုံးကို စစ်တပ်နဲ့ ရဲတို့က ခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
အဲဒီပစ်ခတ်ဖြိုခွင်းမှုကြောင့် ခြေထောက်မှာ ကျည်ဆံထိမှန်ဒဏ်ရာရသူ နောက်ထပ်သုံးယောက်ခန့်ရှိပြီး ဆယ်ယောက်ထက်မနည်းကိုလည်း ဖမ်းသွားတယ်လို့ဆိုပါတယ်။ သေဆုံးထိခိုက်ဒဏ်ရာရသူတွေနဲ့ အဖမ်း ခံရသူတွေရဲ့ စာရင်းအတိအကျရနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာလည်း မတ် ၂၄ ရက်နေ့ညက ညသပိတ်ကျင်းပနေစဉ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်သတ်မှုကြောင့် တစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မနေ့ညက ပစ်ခတ်မှုမှာသေဆုံးသွားသူ ကိုကြည်ဆက်နိုင် (၂၂) နှစ်ကို ဒီနေ့မှာပဲ သဂြိုဟ်လိုက်ကြတယ်လို့ ကျောက်ပန်းတောင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့မှာ ဒီနေ့မနက် ဆန္ဒပြပွဲမတွေ့ရဘဲ သေဆုံးသွားသူ ကိုကြည်ဆက်နိုင်ရဲ့ အသုဘကို လိုက်ပါပို့ဆောင်သူ ထောင်နဲ့ချီရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကနေ စစ်ကား ၁၂ စီးနဲ့ စစ်တပ်နဲ့ရဲ အင်အားအများအပြား ခင်ဦး မြို့ကို ဆင်းလာပြီး ခင်ဦးမြို့ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ကာ အချင်းများကြရာကနေ သေနတ်တွေနဲ့ ပစ်ခတ် ခဲ့လို့ ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မတ်လ ၂၄ ရက် မနေ့ည ၁၀ နာရီလောက်မှာ ခင်ဦးမြို့နယ် အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ ရပ်ကွက် ကင်းစောင့်နေတဲ့ ဒေသခံ ၁၄ ယောက်ကို စစ်တပ်နဲ့ရဲအင်အား ၃၀ လောက်က ဖမ်းသွားတာကြောင့် ဒေသခံတွေ ခင်ဦးရဲစခန်းကို သွားရောက်ဝန်းရံခဲ့ရာကနေ ပစ်ခတ်တာတွေခံခဲ့ရပေမယ့် တစ်ယောက်မှ ထိခိုက်မှုမရှိခဲ့ပါဘူး။
ည ၁၂ နာရီလောက်မှာ ဖမ်းထားတဲ့ ၁၄ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။ အဲဒီအငြိုးနဲ့ စစ်တပ်နဲ့ရဲတွေက ဒီနေ့မနက်ပိုင်းမှာ လာရောက်ပစ်ခတ်ကြတာလို့လည်း ပြောပါတယ်။
ဒီမနက် ထိခိုက်ဒဏ်ရာရလို့ ပြင်းထန်ဒဏ်ရာရသူတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာထားပြီး ကုသပေးနေ ရကြောင်းနဲ့ သေဆုံးတယ်ဆိုတာကိုတော့ အတည်ပြုလို့မရကြောင်း ခင်ဦးမြို့ဒေသခံ တစ်ယောက်က RFA ကိုပြောပါတယ်။
ရန်ကုန်မြို့မှာလည်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်ထဲက သောကြာပတ် ဆွမ်းလောင်း အသင်းကို ဒီနေ့ ရဲတပ်ဖွဲ့နဲ့စစ်တပ်က ဝင်ရောက်လာပြီး ဆွမ်းလောင်းရုံမှာရှိနေတဲ့ လူငယ် ငါးယောက်ကို ဖမ်းဆီးသွားပါတယ်။
ဒါ့အပြင် ဆွမ်းလောင်းရုံထဲမှာရှိနေတဲ့ ဆွမ်းချက်ပြုတ်တဲ့ အိုး၊ ခွက်၊ ပန်းကန်တွေအားလုံးကို ကားပေါ် တင်သွားတယ်လို့ မျက်မြင်တွေ့ရသူတွေက ပြောပါတယ်။
ရပ်ကွက်ထဲက လမ်းတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့အင်အားတွေ ဖြန့်ထားပြီး ပစ်ခတ်မှုတွေလည်းရှိတာကြောင့် လည်ပင်းကျည်ဆံထိမှန်သူတစ်ယောက်နဲ့ လက်မောင်းကို ကျည်ထိထားသူ တစ်ယောက်ရှိနေပါတယ်။
ရပ်ကွက်နေထိုင်သူအချို့ကတော့ ပြန်လည်ခုခံဖို့ကြိုးစားနေပမယ့် အိမ်ထဲကနေ လမ်းမပေါ်တောင် ထွက်လို့မရတဲ့အခြေအနေဖြစ်နေတယ်လို့ ရပ်ကွက်နေသူတစ်ယောက်က ပြောပါတယ်။
သူတို့ကို ခုခံတဲ့လူငယ်တွေကို ခေါ်ထားပေးတဲ့အိမ်တွေကိုလည်း သော့ဖွင့်ပေးဖို့ ခြိမ်းခြောက်မှုတွေ ဆက်တိုက် လုပ်နေသလို အင်အားအများ အပြားထည့်ဖြည့်ပြီး ရပ်ကွက်ထဲကလမ်းတွေမှာ လှည့်ပတ်နေတယ်လို့ ရပ်ကွက် နေသူတွေကပြောပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့က လှိုင်းဘွဲနဲ့ ကော့ကရိတ်လမ်းဆုံက သပိတ်ကို ဒီနေ့ မနက်အစောပိုင်း စစ်တပ်နဲ့ ရဲတွေက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ လူငယ်တစ်ယောက် ပေါင်ရင်းမှာ ကျည်ဆံထိမှန်ခဲ့ပြီး ခွဲစိတ် ကုသပေးခဲ့ရတယ်လို့ နီးစပ်သူတွေရဲ့ပြောဆိုမှုနဲ့ KIC ကရင်သတင်းစဉ်မှာ ရေးသားဖော်ပြထားပါတယ်။
ဘားအံမြို့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတာကြောင့် ဒီနေ့အချိန်အထိ ဖမ်းဆီးခံထားရသူ လူငယ် အယောက် ၉၀ ဝန်းကျင်ရှိပြီး ထိခိုက်ဒဏ်ရာရသူ တစ်ယောက်ရှိတယ်လို့ KIC သတင်းဌာနက ရေးသားထားပါတယ်။