နယ်စပ်တည်ငြိမ်ရေး ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း KNU ကြေညာ

ထိုင်းနဲ့ ကရင်ပြည်နယ် နယ်စပ်နှစ်ဖက်စလုံးမှာနေထိုင်တဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့၊ နယ်စပ်တည်ငြိမ်ဖို့နဲ့ လူသားချင်း စာနာထောက်ထားတဲ့အကူအညီတွေ ရရှိဖို့ကို အလေးထားလုပ်ဆောင်သွားမယ်လို့လည်း KNU က ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားအနီးတွင် စောင့်ကြပ်နေသည့် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ RFA

ထိုင်း-မြန်မာနယ်စပ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်တည်ဆောက်ဖို့အတွက် ထိုင်းအစိုးရ၊ နယ်စပ်အခြေစိုက်ကရင်အဖွဲ့အစည်းအစည်းတွေအပါအဝင် ပြည်တွင်းပြည်ပမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့ ဧပြီလ ၁၂ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနဲ့ ကရင်ပြည်နယ် နယ်စပ်နှစ်ဖက်စလုံးမှာနေထိုင်တဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့၊ နယ်စပ်တည်ငြိမ်ဖို့နဲ့ လူသားချင်း စာနာထောက်ထားတဲ့အကူအညီတွေ ရရှိဖို့ကို အလေးထားလုပ်ဆောင်သွားမယ်လို့လည်း KNU က ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော်တဲ့ လုပ်ငန်းစဉ်တွေ လုံခြုံတည်ငြိမ်ဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့ ပြင်ဆင်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၁၁ ရက်နေ့ကက မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် အဲဒီက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးမှာ ခိုလှုံနေသလို မြဝတီကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီဟာ လွှတ်လိုက်တဲ့ စစ်ကူတွေကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မြဝတီမြို့လုံခြုံရေးအတွက် စိတ်ချရတဲ့အနေအထားတစ်ခုရောက်အောင် ဆောင်ရွက်ရမဲ့ကိစ္စတွေ ရှိနေသေးတဲ့အတွက် လုံခြုံရေးသတိနဲ့ နေထိုင်သွားလာကြဖို့လည်း ပြည်သူတွေကို KNU က သတိပေးထားပါတယ်။

မြဝတီမြို့လုံခြုံစိတ်ချရတဲ့ အနေအထားရောက်ရှိလာတဲ့အခါ ဒေသခံတွေ ပူးပေါင်းပါဝင်မှုနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ကုန်စည်စီးဆင်းရေးလုပ်ငန်းတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

KNU ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။ မြဝတီမြို့က စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင်အခြေစိုက်တပ်ရင်းတွေကို ဧပြီလ ၅ ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းခိုက်ခဲ့သလို မြို့စောင်တပ်ဖြစ်တဲ့ ခလရ (၂၇၅) ကိုလည်း ဧပြီလ ၁၁ ရက်နေ့မှာ သိမ်းယူခဲ့ပြီး မြို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org