နယ်စပ်တည်ငြိမ်ရေးပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီကို တရုတ်တိုက်တွန်း

RFA Burmese
2023.11.06
နယ်စပ်တည်ငြိမ်ရေးပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီကို တရုတ်တိုက်တွန်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး နှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Nong Rong တို့အား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
MOFA Myanmar

တရုတ်-မြန်မာနယ်စပ်ဒေသအပါအဝင် ရှမ်းပြည်နယ်က မြို့နယ်တချို့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်နေလို့ နယ်စပ်တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံက စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ နေပြည်တော်ကိုရောက်လာပြီး စစ်ကောင်စီကို တိုက်တွန်းခဲ့တာလို့ နိုဝင်ဘာ ၆ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နယ်စပ်မှာနေထိုင်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိရေး အာမခံဖို့ကိုလည်း တရုတ်အစိုးရက စစ်ကောင်စီကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့ကို နိုဝင်ဘာ ၃ ရက်နေ့က သီးခြားစီတွေ့ဆုံခဲ့ရာမှာ တောင်းဆိုခဲ့တာပါ။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာတော့ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်းရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စဆွေးနွေးခဲ့တယ်လို့ ပြောပေမဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိရေး အာမခံဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့အချက်ကိုတော့ မပြောထားပါဘူး။

အဲဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းလို့ လူသိများတဲ့ (Belt and Road Initiative (BRI)) စီမံကိန်းတွေကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး လားရှိုးမြို့အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်း၊ ကွတ်ခိုင်က စစ်ကောင်စီတပ်စခန်းတွေကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။