မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတိုးမြှင့်
2024.09.11

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်လိုက်တယ်လို့ ရိုက်တာသတင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ပြီးခဲ့တဲ့တစ်လအတွင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အယောက် ၁၈ဝဝဝ လောက်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာတွေကို ထပ်ပြီး လက်မခံနိုင်တော့ကြောင်း အကြိမ်ကြိမ်ပြောဆိုနေတဲ့ကြားမှာပဲ အခုလို ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။
ဒီလအစောပိုင်းမှာ ထွက်ပြေးရောက်ရှိလာတဲ့ အရေအတွက်ကလည်း အစိုးရက ခန့်မှန်းတာထက် နှစ်ဆကျော်ဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ နောက်ထပ် ရိုဟင်ဂျာထောင်နဲ့ချီ စောင့်နေကြပြီး အခြေအနေတွေလည်း ဆိုးရွားနေတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ရိုဟင်ဂျာတွေ ထပ်ဝင်လာနိုင်ဖို့ အခွင့်အရေးပေးသလိုမဖြစ်ရအောင် အခုထပ်ရောက်လာတဲ့သူတွေကို ဒုက္ခသည်စာရင်း သွင်းသင့်၊ မသင့်ဆိုတာ အာဏာပိုင်တွေ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။
အခုလို လုံခြုံရေးတိုးမြှင့်လိုက်ပေမဲ့ ၂၇၁ ကီလိုမီတာ (၁၆၈ မိုင်)ကျော် ရှည်တဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ပဋိပက္ခအခြေအနေတွေကြားမှာ စောင့်ကြည့်ကွပ်ကဲဖို့ဆိုတာက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။