မြန်မာနယ်စပ်လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်ဆောင်ရွက်

RFA Burmese
2024.12.12
မြန်မာနယ်စပ်လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်ဆောင်ရွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဥ်။
Photo: AFP

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) ကနေ မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ် စခန်းကို သိမ်းယူလိုက်တယ်လို့ ကြေညာလိုက်တဲ့နောက် လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မနေ့က ပြောထားတဲ့အကြောင်း Arab News မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့အနီးက နယ်ခြားစောင့်တပ်စခန်းကို AA ကနေ သိမ်းပိုက်လိုက်တဲ့နောက် ကီလိုမီတာ ၂၇၀ ရှည်လျားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို AA ကနေ ထိန်းချုပ်နိုင်သွားပြီဖြစ်တယ်လို့ သတင်းကဖော်ပြပါတယ်။

AA ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ဒေသတွေကို စတင်ထိန်းချုပ်လာတာဖြစ်ပြီး အခုတော့ နယ်စပ်တစ်လျောက်လုံးကို ထိန်းချုပ်နိုင်သွားပြီလို့ မောင်တောမြို့နဲ့ ကပ်နေတဲ့ တက္ကနပ်ဖ် ခရိုင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

AA ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားဝင် အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အတွက် AA နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမှု မရှိသေးတဲ့အကြောင်း၊ နယ်စပ်ဒေသတစ်လျှောက်မှာ ကျူးကျော်ဝင်ရောက်မှုမရှိအောင် စောင့်ကြည့်စစ်ဆေးမှုနဲ့ ကင်းလှည့်တာတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဘက်က သေနတ်ပစ်ခတ်သံတွေ နေ့တိုင်းကြားနေရတဲ့အကြောင်း၊ မြန်မာဘက်က စစ်ရေးပဋိပက္ခတွေ ဘင်္ဂလာဒေ့ရှ် ပိုင်နက်ထဲကို ကျူးကျော်လာတာမျိုး ဖြစ်ရင် တုံ့ပြန်နိုင်အောင် ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ ရဲတပ်ဖွဲကတွေအားလုံး အသင့်ပြင်ထားတယ်လို့ အဲဒီ တာဝန်ရှိသူက ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။