တရားမဝင် မြန်မာတွေ ထိုင်းမှာဆက်တိုက်ဖမ်းခံရ

RFA Burmese
2024.03.21
တရားမဝင် မြန်မာတွေ ထိုင်းမှာဆက်တိုက်ဖမ်းခံရ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်းကို တရားမဝင် ဝင်ရောက်မှုနှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားအချို့အား ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
Sangkhlaburi Provincial Police

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် ထောင်ပါဘူမြို့နယ်ထဲ မတ်လ ၁၉ ရက်နေ့က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၅၈ ယောက်ကို ထပ်မံဖမ်းမိတယ်လို့ Bangkok Post သတင်းက ဖော်ပြပါတယ်။

မတ်တစ်လတည်းမှာ သုံးရာကျော် ဖမ်းဆီးခံရတယ်လို့ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

"မတ်လ ၁၉ ရက်နေ့က အများဆုံးပဲ၊ ခရိုင်သုံးခုမှာ ၇၅ ယောက်ဝင်တယ်၊ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယပြည်နယ်မှာ ဆယ်ယောက်၊ နောက် တက်ချ်ပြည်နယ်မှာ ၄၄ ယောက်၊ ထိုင်းနဲ့ ကရင်ပြည်နယ် နယ်စပ်ဖြစ်တဲ့ ကန်ချနဘူရီပြည်နယ် ထောင်ပါဘူမြို့နယ်မှာ ၂၁ ယောက်နဲ့ ကလေးနှစ်ယောက်၊ အားလုံးပေါင်းလိုက်ရင် ၇၅ ယောက်၊ မတ်လထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ စာရင်းတွေအရ သုံးရာကျော်ရှိတယ်၊ ထိုင်းလဝက အဖွဲ့တွေ၊ ထိုင်းဘုရင်တပ်မတော်အဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့တွေ ထုတ်ပြန်ချက်အရ သိရတယ်"

မတ် ၂၁ ရက်က ဖမ်းဆီးမိသူတွေဟာ တောထဲပုန်းအောင်းနေချိန် ဒေသတာဝန်ရှိသူတွေ၊ စစ်သားတွေနဲ့ ရဲတွေက သူတို့ကိုတွေ့ခဲ့တာလို့ Bangkok Post က ဖော်ပြပါတယ်။

အမျိုးသား ၄၅ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်ကို ဖမ်းမိတာပါ။ ထိုင်းမှာ အလုပ်အကိုင်ရမယ်ဆိုပြီး ပွဲစားကို လူတစ်ယောက် မြန်မာကျပ် ခုနစ်သိန်းခွဲကျော်ကနေ ရှစ်သိန်းခွဲကျော်ပေးခဲ့ရတယ်လို့ ဖမ်းခံရသူတွေက ပြောပါတယ်။

ဒါဟာ ဒီမြို့နယ်မှာ သီတင်းတစ်ပတ်အတွင်း ဒုတိယမြောက် အများဆုံး ဖမ်းဆီးမိတာပါ။

ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာမရှိအောင် တင်းတင်းကျပ်ကျပ်တားဆီးဖို့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို နယ်ခြားစောင့်တပ် ရဲချုပ်က မတ်လ ၁၂ ရက်နေ့မှာ အမိန့်ပေးထားပါတယ်။

အဲဒီနောက်ပိုင်း တရားမဝင်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်တိုက်ဖမ်းဆီးနေပါတယ်။

ဒါကြောင့်ဒီအချိန်ဟာ တရားမဝင်နည်းနဲ့ ထိုင်းနိုင်ငံထဲဝင်လာမဲ့ မြန်မာနိုင်ငံသားတွေအတွက် အန္တရာယ်များတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။