အနိမ့်ဆုံးလစာငွေ သတ်မှတ် အကောင်အထည်ဖော်ပေးဖို့ သူရဦးရွှေမန်း ပြောကြား

အလုပ်ရှင်နဲ့ အလုပ်သမားကြား မကြာခဏ ဖြစ်ပေါ်နေတဲ့ လုပ်ခလစာတိုးမြင့်ရေး အငြင်းပွားမှု၊ ဆန္ဒပြမှုတွေ ပပျောက်ရေးအတွက် အနိမ့်ဆုံးလစာငွေ သတ်မှတ်ပေးရေး နည်းဥပဒေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကနောင်ခန်းမမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ကကျင်းပတဲ့ အလုပ်ရှင်၊ အလုပ်သမားတွေ နဲ့ တွေ့ဆုံပွဲမှာ သူရဦးရွှေမန်းကို တွေ့ရစဉ် Photo: Thiha Tun/ RFA

အလုပ်ရှင်နဲ့ အလုပ်သမားကြား မကြာခဏ ဖြစ်ပေါ်နေ တဲ့ လုပ်ခလစာတိုးမြင့်ရေး အငြင်းပွားမှု၊ ဆန္ဒပြမှုတွေ ပပျောက်ရေးအတွက် အနိမ့်ဆုံးလစာငွေ သတ်မှတ်ပေးရေး နည်းဥပဒေ အမြန်ဆုံး အကောင် အထည်ဖော်ဖို့လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကနောင်ခန်းမမှာ ဒီနေ့ကျင်းပတဲ့ အလုပ်ရှင်၊ အလုပ်သမားတွေ နဲ့ တွေ့ဆုံပွဲမှာ သူရဦးရွှေမန်း က ပြောခဲ့တာပါ။

"နည်းဥပဒေရှိပြီလား၊ လုပ်ထုံးလုပ်နည်းရှိပြီလား၊ အမိန့်ကြေညာစာရှိလား မရှိဘူးဆိုရင် ခုနက ထုတ်ပြန်ချက်တွေကလည်း အလကားပဲ၊ လုပ်ခလစာ အနည်းဆုံးသတ်မှတ်ဖို့ ဥပဒေကပြီးပြီ၊ နည်းဥပဒေနဲ့ စည်းမျဉ်းတွေ စည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေ မပေါ်တဲ့အတွက် ဒီနေ့ အဓိကပြဿနာဖြစ်နေတာ ဒီကိစ္စပဲ"

ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေဦးစီးဋ္ဌာနက တာဝန်ရှိသူတွေက အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးအတွက် လာမယ့် ၂၀၁၅-၂၀၁၆ ခုနှစ်မှာ မြို့နယ်အဆင့်အထိ စစ်တမ်းကောက်ယူသွားမယ်လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အလုပ်ရှင်၊ အလုပ်သမား ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော် က ပြဋ္ဌာန်းပြီးဖြစ်တာကြောင့် အစိုးရတာဝန်ရှိသူအဆင့်ဆင့်က တာဝန်ခံမှု၊ တာဝန်ယူမူအပြည့်နဲ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းဥပဒေတွေကို ရေးဆွဲဖို့လိုတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်အတွင်း ပြည်ထောင်စု လွှတ်တော်က အလုပ်သမား၊ အလုပ်ရှင်နဲ့ ပတ်သက်တဲ့ ဥပဒေပေါင်း ၅ ခု ပြဋ္ဌာန်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ပွဲမှာ တက်ရောက်လာတဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံက လုပ်ငန်းရှင်အများစုဟာ အသေးစားစက်မှုလက်မူလုပ်ငန်းရှင် အဆင့်ပဲရှိတဲ့အတွက် အလုပ်သမားခန့်ထားရေးနဲ့ အလုပ် သမားတွေ တောင်းဆိုတဲ့ လုပ်ခလစာပေးရေး အခက်အခဲရှိကြောင်း ပြောပါတယ်။

အလားတူ အလုပ်သမား ကိုယ်စားလှယ်တွေကလည်း အနိမ့်ဆုံးလုပ်ခလစာငွေ သတ်မှတ်ပေးရေးနဲ့ အလုပ်ရှင်တွေက ဥပဒေတွေ မလိုက်နာရင် ထိုက်သင့်တဲ့ထောင်ဒဏ် အပြစ်ဒဏ်တွေကို နည်းဥပဒေမှာ ထည်းသွင်းရေးဆွဲရေး တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ သူရဦးရွှေမန်းက အလုပ်သမားကိစ္စအပြင် မြန်မာနိုင်ငံမှာ ဗဟိုဦးစီးစနစ် များလွန်းနေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဗဟိုဦးစီးစနစ် မလျှော့ချဘူးဆိုရင် ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ ဗဟိုက အကုန်ချုပ်ကိုင်ထားတဲ့အတွက် ဗဟိုက အမိန့်မပေး၊ မညွှန်ကြားရင် ဘာမှလုပ်လို့မရကြောင်း၊ ဒါကြောင့် ဗဟိုပြည်ထောင်စု၊ တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေ ချမှတ်ခွဲဝေပေးရမှာဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org