အစိုးရဝန်ထမ်းလစာတွေ တိုးမြှင့်


2015.03.26
parliament-pyitaungsu-305.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

အစိုးရဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလစာကို ကျပ် ၄သောင်းခွဲနဲ့ အမြင့်ဆုံးလစာကို ကျပ် ၂ သိန်းခွဲစီ အစိုးရက တိုးမြှင့်ပေးဖို့တင်ပြချက်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အစိုးရဝန်ထမ်းတွေရဲ့ လစာတွေကို တိုးမြှင့်ပေးလိုက်ပေမဲ့ ဝန်ထမ်းတွေ လက်ရှိခံစားခွင့် ရနေတဲ့ လစဉ်ထောက်ပံ့ကြေး ကျပ် ၃ သောင်းကို ပယ်ဖျက်လိုက်ကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော် မှာ တင်ပြခဲ့ပါတယ်။

အစိုးရဝန်ထမ်းတွေရဲ့ လက်ရှိလစာ အနိမ့်ဆုံး ၇သောင်းခွဲကို ၁သိန်း ၂သောင်းအထိ တိုးမြှင့်ပေးပြီး အမြင့်ဆုံးလစာဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်လစာကို ၂ သိန်းခွဲကနေ ၅ သိန်းအထိ တိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်။

အဲဒီလစာနှုန်းထားတွေကို မနေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

တပ်မတော်သားတွေအတွက်လည်း လစာတိုးမြှင့်ထားပြီး အောက်ခြေရဲဘော်အဆင့်ကနေ ဗိုလ်မှူးကြီးလစာအထိ တိုးတဲ့နှုန်းက အရပ်သားဝန်ထမ်းတွေရဲ့ လစာနှုန်းထားနဲ့တူညီပေမဲ့ ဗိုလ်မှူးချုပ်အဆင့်ကနေ ဗိုလ်ချုပ်မှူးကြီးအဆင့် ထိလစာတွေက ကျပ် ခုနှစ်သိန်းကနေ သိန်းသုံးဆယ်ထိ တိုးမြှင့်လိုက်ပါတယ်။

လက်ရှိမှာ တပ်မတော်သားအပါအဝင် အစိုးရဝန်ထမ်း ၁ သန်းခွဲကျော်ရှိပြီး အခုတိုးမြှင့်ပေးတဲ့လစာတွေကို လာမယ့်ဧပြီလကစပြီး ခံစားခွင့်ရှိမှာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အခုလို လစာငွေတိုးမြှင့်လိုက်တယ်ဆိုပေမဲ့ တိုးမြင့်နှုန်းကွာခြားတဲ့အတွက် ဘဝင်မကျတဲ့ဝန်ထမ်းတွေရှိနေ သလို ပြည်သူတွေအနေနဲ့ကလည်း ကုန်ဈေးနှုန်းတွေတက်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ အစိုးရရဲ့ဘတ်ဂျက်အခြေအနေ၊ ပုဂ္ဂလိကလုပ်ငန်းက ဝန်ထမ်းတွေရဲ့ လစာတွေနဲ့ ချိန်ထိုးပြီး အစိုးရဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။

ဦးဇော်ဌေးကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။